မြန်မာ့နိုင်ငံရေးတွင် စွက်ဖက်နှောင့်ယှက်သည့် ကွန်ရက်တစ်ခု Facebook ဖယ်ရှား

မြန်မာ့နိုင်ငံရေးတွင် စွက်ဖက်နှောင့်ယှက်သည့် ကွန်ရက်တစ်ခု Facebook ဖယ်ရှား

 အောက်တိုဘာ ၃၀၊ ၂၀၂၀

မြန်မာနိုင်ငံ၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာချိန်တွင် အကောင့်တုနှင့် သတင်းမှားများ ဖြန့်ခြင်း၊ သံသယပွားအောင် ပြုလုပ်ခြင်းဖြင့် အန္တရာယ်ရှိသော ကွန်ရက်တစ်ခုကို Facebook က ဖယ်ရှားလိုက် ကြောင်း သိရသည်။

Facebook က ဖယ်ရှားလိုက်သည့် မြန်မာနိုင်ငံမှ ကွန်ရက်တွင် Facebook အကောင့် ကိုးခု၊ page ရှစ်ခု၊ group နှစ်ခုနှင့် အင်စတာဂရမ် အကောင့် နှစ်ခုတို့ပါဝင်ကြောင်း၊ အကောင့်တုများကို မြန်မာနိုင်ငံ အတွင်းတွင် ဖွင့်ထားပြီး ပြည်တွင်းရှိ သုံးစွဲသူများကို ပစ်မှတ်ထားနေသည့် ကွန်ရက်ဖြစ်ကြောင်း Facebook ဘလော့ဂ်တွင် ထုတ်ပြန်ထားသည်။

ဖယ်ရှားလိုက်သည့် ကွန်ရက်သည် မူလက မြန်မာဘာသာဖြင့် ပို့စ်များတင်ခဲ့ပြီး ရခိုင့်တပ် AA အကြောင်း၊ တပ်မတော်ကို ဝေဖန်မှုများ အပါအဝင် ရခိုင်ပြည်နယ် လက်ရှိအဖြစ်အပျက်များကို ဖော်ပြနေကြကြောင်းလည်း သိရသည်။  

ယင်းကွန်ရက်က ထိန်းချုပ်ထားသော ယခုဖယ်ရှားလိုက်သည့် page နှင့် group တချို့ကို Facebook က စစ်ဆေးတွေ့ရှိထားခဲ့ပြီး အကြမ်းဖက်ဝါဒနှင့် အမုန်းစကားဆိုင်ရာ မူဝါဒ ချိုးဖောက်မှုကြောင့် ယခင်ကတည်းက ပို့စ်များမတင်နိုင်အောင် disable လုပ်ထားခဲ့ပြီး ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။  

ဖယ်ရှားခံရသည့် ကွန်ရက်အတွင်း လှုပ်ရှားမှုများသည် မြန်မာနိုင်ငံ၏ လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲကို တိုက်ရိုက် အာရုံထားပုံ မရသော်လည်း မြန်မာ့ရွေးကောက်ပွဲမတိုင်ခင် Facebook ၏ စုံစမ်းစစ်ဆေးမှု အစိတ် အပိုင်းတစ်ရပ်အဖြစ် ရှာတွေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရွေးကောက်ပွဲ ကျင်းပရန်ရှိသည့် အမေရိကန် ပြည်ထောင်စုတွင်လည်း အလားတူ ကွန်ရက် နှစ်ခုကို ဖယ်ရှားခဲ့ပြီး ပူးပေါင်း အယောင်ဆောင် လုပ်ဆောင်မှု (CIB) မူဝါဒကို ချိုးဖောက်ခြင်းကြောင့် Facebook က ကွန်ရက် သုံးခုစလုံးကို ဖယ်ရှားလိုက်ခြင်း ဖြစ်သည်။

CIB ဆိုသည်မှာ အကောင့်တု၊ အယောင်ဆောင် ပုဂ္ဂိုလ်အဖြစ် စုပေါင်းလှုံ့ဆော်ကာ သုံးစွဲသူများ၏ လုပ်ဆောင်မှု လမ်းလွဲသွားအောင် ကြံစည်ဆောင်ရွက်မှု ဖြစ်သည်။ Facebook က လွန်ခဲ့သည့် သုံးနှစ်အတွင်း CIB ကို ချိုးဖောက်မှုဖြင့် ကွန်ရက်ပေါင်း ၁၀၀ ကျော်ကို ဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း သိရသည်။

“မကြာသေးခင် သီတင်းပတ်တွေက ရွေးကောက်ပွဲရဲ့ မှန်ကန်မျှတခိုင်မာမှုနဲ့ ပတ်သက်လို့ သတင်းမှားတွေ ဖြန့်ဖို့ကြိုးပမ်းမှုတွေကို မျှော်လင့်ထားဖို့လိုကြောင်း အစိုးရအဖွဲ့အစည်းတွေ၊ နည်းပညာ ပလက်ဖောင်းတွေနဲ့ လုံခြုံရေး ကျွမ်းကျမ်းသူတွေက အများပြည်သူကို တပ်လှန့်သတိပေးထားပါတယ်” ဟု Facebook ၏ လုံခြုံရေးမူဝါဒဆိုင်ရာ အကြီးအကဲ နသန်နီယယ် ဂလေချာက Facebook ဘလော့ဂ်တွင် ပြောထားသည်။

Facebook အမှုဆောင်အရာရှိချုပ် မာ့ခ် ဇက်ကာဘာ့ဂ်သညဘ် အောက်တိုဘာ ၂၈ ရက်နေ့က အမေရိကန် ဆီးနိတ် ကုန်သွယ်ရေး ကော်မတီ ရှေ့မှောက်တွင် Facebook အသုံးပြုသူများ၏ ရေးသားချက်များကို အစွန်းမ ရောက်အောင် ထိန်းသိမ်းမှု၌ အွန်လိုင်း စီးပွားရေးလုပ်ငန်းများကို အကာအကွယ်ပေးသည့် ဥပဒေနှင့် ပတ်သက်၍ လာရောက် ရှင်းလင်းပြောဆိုခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly