ကြမ္မာဆိုးကြုံခဲ့ရသော မေယုမြစ်တွင်းက ကယ်ဆယ်ရေးဘုတ် ရှင်းတမ်း

ကြမ္မာဆိုးကြုံခဲ့ရသော မေယုမြစ်တွင်းက ကယ်ဆယ်ရေးဘုတ် ရှင်းတမ်း

အောက်တိုဘာ ၂၉

ဗုဒ္ဓဟူးနေ့က ရသေ့တောင်မြို့နယ်တွင်း မေယုမြစ်ထဲတွင် တပ်မတော်ရေ၏ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် နိုင်ငံတကာကြက်ခြေနီကော်မတီ(ICRC)၏ ကယ်ဆယ်ရေးပစ္စည်းများသယ်ဆောင်လာသော လှေကြီးတစ်စီး ရခိုင်ဒေသအခေါ်အားဖြင့် ဘုတ်တစ်စီး မီးလောင်ကာ လူတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး  မဇ္ဈိမမှ နောက်ဆုံး စုံစမ်းရရှိထားမှုကို ဖော်ပြပေးလိုက်သည်။

  အောင်တိုဘာ ၂၈ ရက် နံနက် ၁၁ နာရီကျော်တွင် စစ်တွေမြို့မှ ထွက်လာသော ပုဂ္ဂလိကကုမ္ပဏီတစ်ခုက ပိုင်ဆိုင်သော ဘုတ်တစ်စီးသည် ဘူးသီးတောင်မြို့နယ်က စစ်ဘေးဒုက္ခသည်များအတွက် ICRC မှ ပို့ခိုင်းသော ပစ္စည်းများအား တင်ဆောင်လျှက်  မေယုမြစ်ကြောင်းအတိုင်း ‌တက်လာခဲ့သည်။ ဘုတ်တစ်စီးလုံးတွင် လူလေးဦးသာပါကြောင်း ကာယကံရှင်များ၏ ပြောကြားချက်ကို ကယ်ဆယ်ရေးလုပ်ခဲ့သူများက ပြန်ပြောပြသည်။ ဘုတ်တွင် နိုင်ငံတကာကြက်ခြေနီအဖွဲ့ ICRC အလံ၊ တံဆိပ်များ ပါလာခြင်းမရှိပါ။
 
 နေ့လည် ၁ နာရီခွဲဝန်းကျင်တွင် ရသေ့တောင်မြို့မဝင်ခင်လေးတွင် ပစ်ခတ်မှုဖြစ်သည်ကို ပစ်ခတ်မှုဖြစ်ရာ မလှမ်းမကမ်းရှိ ရသေ့တောင်မြို့နယ်တွင်းရှိ ပြင်ဝန်းကျေးရွာ၊ ပြိန်းတောကျေးရွာများမှ ရွာသားအချို့က မြင်တွေ့ခဲ့ ရသည်ဟု မဇ္ဈိမကို ပြောသည်။ ကုလားချောင်းဆိပ်ကမ်းကနေ စခွာလာသည့် တပ်မတော်ရေမှ ရေယာဉ်ကြီးနှစ်စီး၊ လျှပ်ပြေးရေယာဉ်ငယ်တစ်စီးသည် အလျားလိုက် မောင်းနှင်းလာပြီး မျက်နှာချင်းဆိုင်ဘက်က ဘုတ်အား သုံးစီးလုံးမှ ပစ်ခတ်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဈိမသု့ိပြောသည်။
 
မိနစ်အနည်းငယ်ကြာပြီးမှ လျှပ်ပြေးရေယာဉ်ငယ်က အရှေ့ဆုံးမှ မောင်းနှင်ကာ နောက်တွင် ရေယာဉ်ကြီးနှစ်စီးက ရှေ့နောက်အစဉ်အတိုင်း ကယ်ဆယ်ရေးပစ္စည်းသယ်ဘုတ်နားသို့ ချဉ်းကပ်လာကြသည်။ ထို့နောက် နောက် ဆုံးမှ ရေယာဉ်ကြီးက ပစ်လိုက်သော လက်နက်ကြီးကျဉ်ထိကာ ဘုတ်နောက်ပိုင်း မီးခိုးလုံးများ ထွက်လာတော့သည်။
 
ဘုတ်သည် တပ်မတော်ရေယာဉ်နားအားကပ်ရန် ကြိုးစားခဲ့သည်။ ICRC က ပေးလိုက်သော အထောက်အထားများကိုပြရန် တပ်မတော်ရေယာဉ်နားသို့ ကပ်လာပေမယ့် အပစ်ခံခဲ့ရခြင်း ဖြစ်သည်ဟု ကာယကံရှင်များ ၏ပြောကြားချက်ကို ကိုးကား၍ ကယ်ဆယ်ရေးလုပ်ကိုင်သူများက ပြောသည်။ခန့်မှန်း မီတာ ၄၀၀ လောက်အကွာအဝေးမှ ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုဖြစ်စဉ်
 
လက်နက်များ ပစ်ခတ်မှုအစပိုင်းတွင် လှေပေါ်ပါသူလေးဦးလုံးမှာ ကြောက်စိတ်ဖြင့် ဝမ်းလျားမှောက်နေခဲ့ကြသည် ဟုဆိုသည်။ အသက် ၂၂ နှစ်အရွယ် ကိုအေးချမ်းက ရေထဲသို့ အရင်ဦးဆုံး ခုန်ဆင်းထွက်ပြေးသည်။ ထို့နောက် ဒဏ်ရာရရှိခဲ့သော ကိုမောင်သန်းဝေနှင့် ဦးလှဝင်းမောင်တို့သည်လည်း ရေထဲခုန်ဆင်း ကူးခတ်ကာ ကမ်းနားတွင် ပုန်းခိုနေခဲ့ကြသည်ဟု ဆိုသည်။ ပစ်ခက်မှုမှာ နာရီဝက်ခန့်ရှိသည်ဟု ဆိုသည်။  

ထို့နောက် တပ်မတော်အမြန်ရေယာဉ်တစ်စီးက ချဉ်းကပ်လာကာ ဘုတ်ပေါ်သို့တက်၍ အဆိုပါဘုတ်ပေါ်မှာပင်ရှိသော ဓာက်ဆီများဖြင့် မီးတင်ရှို့သည်ဟု ကယ်ဆယ်ရေးလုပ်သူများက ပြန်ပြောသည်။ ဘုတ်မှာ လက်နက်ကြီး ကျည် ထိမှန်ခြင်း၊ မီးရှို့ခံရမှုများ‌ကြောင့် ရေများဝင်ကာ ဖြည်းဖြည်းချင်း နစ်လာသည်။ ခဏအကြာ မီးစွဲလျက် အနီးရှိ ကမ်းနားတွင် သောင်တင်တော့သည်။

 တပ်မတော်ရေယာဉ်များထွက်ခွာသွားသောအခါ ကယ်ဆယ်ရေးလုပ်ကိုင်သူများက သွားရောက် ကယ်ဆယ်မှုပြုကြသည်။ ကမ်းပေါ်တွင် ပုန်းနေသော လူ သုံးဦးအားခေါ်ကာ မီးလောင်ဒဏ်ရာရသော နှစ်ဦးအား စေတီပြင် ဆေးရုံသို့ပို့ကြသည်။ အချိန်က နေ့လယ် ၂ နာရီကျော်ပါပြီ။

ရေထဲ့သို့ အရင်ခုန်ဆင်းပြေးခဲ့သော ကိုအေးချမ်းမှာ ဒဏ်ရာမရခဲ့ပေ။

မီးလောင်နေသော ဘုတ်အား စေတီပြင်နှင့် အနီးအနားရှိ ပြိန်းတောကျေးရွာ၊ ပြင်ဝန်းကျေးရွာမှ ရွာသားများလည်း ပူးပေါင်းသွားရောက်ကာ မီးငြိမ်းသတ်ခဲ့ကြသည်။ မျက်မြင်တွေ့သူတစ်ဦးပြောပြချက်အရ ယင်းဘုတ်ပေါ် တွင်  ကျန်ခဲ့သော အလောင်းတစ်လောင်းတွင် မီးစွဲလောင်ပြီး ဦးခေါင်းနှင့် ရင်ဘတ်ပိုင်းတစ်ချို့သာ တွေ့ရတော့သည်ဟု ဆိုသည်။  

ဒဏ်ရာရသူနှစ်ဦးကို စေတီပြင်တွင် ရှေ့ပြေးကုသခဲ့ပြီး ယခုသတင်းရေးသားချိန် နောက်ဆုံးသိရသည်ကတော့ နှစ်ဦးလုံး ကျန်းမာရေးတိုးတက်လာပြီး စစ်တွေမြို့သို့ ဆက်လက်ဆေးကုသရန် ခေါ်ဆောင်သွားသည်ဟု  သိရ သည်။ ဘုတ်ကတော့ မီးလောင်ပျက်စီးမှုများနှင့် ကမ်းနားတွင် ရှိနေသည်။

ကွဲလွဲသော ထုတ်ပြန်ချက်များ

ဤဖြစ်စဉ်နှင့် ပတ်သက်ပြီး တပ်မတော်မှ အောင်တိုဘာ ၂၈ ရက်နေ့ ညပိုင်းက ထုတ်ပြန်ချက်တစ်ခုတွင်  " အောင်ဇေယျကျေးရွာမှ ရသေ့တောင်မြို့သို့ ခုတ်မောင်းလာစဉ် အောင်ဇေယျ ကျေးရွာ၏ တောင်ဘက်မီတာ ၂၀၀၀ ခန့်အကွာရှိ မင်းကျွန်းအနီးသို့အရောက် အနောက်ဘက်ကမ်းမှ အရှိန်ဖြင့်မောင်းနှင်လာသော အလျားပေ ၄၀ ၊ အနံ ၁၇ ပေခန့်ရှိ စက်လှေပေါ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောက်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်" ဟု ပါရှိသည်။

" တပ်မတော်စစ်ရေယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ AA အကြမ်းဖက်သောင်းကျန်းသူများစီးနင်းလာသည့် စက်လှေမှာ မီးစွဲလောင်၍ မေယုမြစ်အတွင်း မျောပါသွား ခဲ့သည်။" ဟု ဆက်ပြောထားသည်။

တပ်မတော်၏ ထုတ်ပြန်ချက်နောက် ICRC ၏ ထုတ်ပြန်ချက်လည်း ထွက်လာရာ " ယင်းဖြစ်စဉ်တွင် လက်နက်ကိုင်ပဋိပက္ခဒဏ်ခံရသည့် အရပ်သားများကို အကူညီပေးနေသည့် အိုင်စီအာရ်စီက ဆောင်ရွက်နေသော လုပ်ငန်း တစ်စိတ်တစ်ပိုင်းအနေဖြင့် စစ်တွေမှရသေ့တောင်သို့ အိုင်စီအာရ်စီ၏ အကူညီများကို သယ်ယူပို့ဆောင်ပေးသည့် အငှားမော်တော်ရေယာဉ်တစ်စင်းပါဝင်ကြောင်း အိုင်စီအာရ်စီက အတည်ပြုပါသည်။" ဟု ပါရှိသည်။

 " ထိုဖြစ်စဉ်တွင်ပါဝင်သည့် ရေယာဉ်ပေါ်တွင် အိုင်စီအာရ်စီဝန်ထမ်း မပါသည့်အပြင် ဖြစ်စဉ်၏အနီးတစ်ဝိုက်တွင်လည်း ရှိမနေပါ။"  

" ယခုအချိန်တွင် စစ်တွေမှ အိုင်စီအာရ်စီ ကွင်းဆင်းလုပ်ငန်းခရီးစဉ်များနှင့် ရသေ့တောင်မြို့တွင် ယင်း၏လုပ်ငန်းများကို သတင်းတစ်စုံတစ်ရာ ထပ်မံမထုတ်ပြန်သေးသည့် အချိန်တိုင်အောင် ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပါ သည်။" ဟု ဆိုသည်။

မဇ္ဈိမက စုံစမ်းသိရှိရသည်မှာ ICRC က ပစ္စည်းများပို့ဆောင်ရန်အတွက် ဘုတ်ကို နှစ်ပြတ်ငှားရမ်းထားခြင်းဖြစ်ပြီး ဘုတ်ပေါ်တွင် လိုက်ပါလာသူများမှာ ဘုတ်ကုမ္ပဏီမှငှားရမ်းထားသူများဖြစ်ကြသည်။ ICRC ဝန်ထမ်းကတ် မရှိကြပါ။
 
တပ်မတော်နှင့် တိုက်ပွဲဆင်နွှဲလျက်ရှိသောရခိုင့်တပ်တော် အေအေ ဘက်ကတော့ ယခုကိစ္စအပေါ် တပ်မတော်၏ လူမဆန်သော သတ်ဖြတ်မှုဟု စွပ်စွဲပစ်တင်လိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly