ဖင်လန်လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ခွေးတွေနဲ့ အနံ့ခံခိုင်း ဖော်ထုတ်တဲ့ စမ်းသပ်မှု အလားအလာကောင်း

ဖင်လန်လေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ်ကို ခွေးတွေနဲ့ အနံ့ခံခိုင်း ဖော်ထုတ်တဲ့ စမ်းသပ်မှု အလားအလာကောင်း

အောက်တိုဘာ ၂၉ ၊ ၂၀၂၀

ဖင်လန်နိုင်ငံက ဟယ်ဆင်ကီလေဆိပ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူကို အနံ့ခံခွေးတွေနဲ့ ဖော်ထုတ်တဲ့ မြေစမ်းခရမ်းပျိုး စမ်းသပ်မှုဟာ အတော်လေး အလားအလာကောင်းတဲ့ ရလဒ်တွေ ရရှိတယ်လို့ သုတေသနပညာရှင်တွေ က ပြောပါတယ်။

ချက်ချင်းပဲ ရလဒ်သိနိုင်သလို နာကျင်မှုလည်း မရှိတဲ့ ခွေးတွေကနေ ကိုရိုနာဗိုင်းရပ်စ်ကို အနံ့ခံခိုင်းတဲ့ စမ်းသပ်မှုကို ခရီးသွားတွေကလည်း ပိုပြီး သဘောကျနှစ်သက်တယ်လို့ သုတေသနပညာရှင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ကိုစီ၊ အီးတီနဲ့ မီနာတို့ နာမည်ပေးထားတဲ့ ခွေးသုံးကောင်နဲ့ ဟယ်ဆင်ကီလေဆိပ်မှာ စမ်းသပ်မှု လုပ်ဆောင်နေတာပါ။ လေဆိပ်ရဲ့ ဆိုက်ရောက်ခန်းမမှာ အခု စမ်းသပ်မှုကို စတင်ချိန်လို့ ဒီလအတွင်းမှာပဲ ခရီးသည် ၂၂၀၀ ဆီက ရယူတဲ့ တို့ဖတ်တွေကို ခွေးတွေကို အနံ့ခံခိုင်းပြီး ကိုရိုနာဗိုင်းရပ်စ် ဖော်ထုတ်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ခရီးသည်တွေရဲ့ ၀ ဒသမ ၆ ရာခိုင်နှုန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာကို တွေ့ရှိပါတယ်။

အခု ခွေးတွေနဲ့ သုတေသနပြုတဲ့ စမ်းသပ်မှုဟာ ဒီဇင်ဘာလအထိ အပြည့်အစုံ လုပ်ဆောင်ရမှာဖြစ်ပေမယ့် အစောပိုင်း ရလဒ်တွေမှာကိုက အလားအလာ ကောင်းတယ်လို့ သုတေသနအဖွဲ့က ပြောပါတယ်။ သူတို့ရဲ့ စမ်းသပ်မှု မှာ လေဆိပ်ဆီ ဆိုက်ရောက်လာတဲ့ ခရီးသည်တွေရဲ့ အသက်ရှူလမ်းကြောင်းက အရည်စက်အမှုန်အမွှားတွေကို ရယူပြီး ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတဲ့ PCR စမ်းသပ်မှုနဲ့အတူ အဲဒီ အမှုန်အမွှားတွေပါတဲ့ တို့ဖတ်တွေကို ခွေးတွေကို အနံ့ခံခိုင်းတဲ့ စမ်းသပ်မှုပါ နှစ်မျိုး တွဲလုပ်ခဲ့တာ ဖြစ်ပါတယ်။

“လေဆိပ်မှာ PCR စမ်းသပ်မှုပေါင်း တစ်သောင်းခြောက်ထောင်နဲ့ တစ်သောင်းခုနစ်ထောင်ကြား ကျွန်တော်တို့ လုပ်ဆောင်ခဲ့တယ်။ ပိုးတွေ့တဲ့သူကတော့ တစ်ရာခိုင်နှုန်းတောင် မပြည့်ဘူး။”လို့ ဗန်တားမြို့ လက်ထောက်မြို့ တော်ဝန် တီမိုအာရွန်ကီတိုက သတင်းထောက်တွေကို ပြောပါတယ်။

“ခွေးတွေက ရှာဖွေဖော်ထုတ်ပေးတဲ့ ကိုရိုနာဗိုင်းရပ်စ် ပိုးကူးသူနှုန်းနဲ့ ယှဉ်ကြည့်မယ်ဆိုရင် နှုန်းထားအတူတူလောက်ပဲဆိုတာ တွေ့ရတယ်။ ကျွန်တော်တော့ ဘာမှ မကွာဘူး ထင်တယ်။”လို့ သူက ပြောပါတယ်။

လက်ရှိမှာ သုတေသနပညာရှင်တွေဟာ PCR စမ်းသပ်မှုနဲ့ အတည်ပြုထားတဲ့ ဗိုင်းရပ်စ် ကူးစက်သူကို ခွေးတွေရဲ့ အနံ့ခံမှုကြောင့် တွေ့ရှိတဲ့ ဗိုင်းရပ်စ်ကူးစက်သူနဲ့ ဘယ်လောက်ထိ ထပ်တူကျသလဲဆိုတာကို သုတေသနတွေ ဆက်လက်လုပ်ဆောင်နေပြီး ရလဒ်ကို နှစ်ကုန်လောက်မှာ ထုတ်ပြန်ဖို့ ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပထမလှိုင်း အစောပိုင်းကာလတုန်းက လက်ဦးစမ်းသပ်မှုတွေအရ ခွေးတွေဟာ ဗိုင်းရပ်စ်ကို ၁၀၀ ရာခိုင်နှုန်း အနီးစပ်ဆုံး အနံ့ခံနိုင်ပြီး PCR စမ်းသပ်မှုထက် ငါးရက်စောလို့ အဖြေသိရှိစေနိုင်တယ်လို့ အကြံပြုထားတာတွေ ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly