ရုရှရဲ့ လေကြောင်းထိုးစစ်ကို ဆီးရီးယား အတိုက်အခံတပ်တွေ လက်တုံ့ပြန်တိုက်ခိုက်

ရုရှရဲ့ လေကြောင်းထိုးစစ်ကို ဆီးရီးယား အတိုက်အခံတပ်တွေ လက်တုံ့ပြန်တိုက်ခိုက်

အောက်တိုဘာ ၂၉ ၊ ၂၀၂၀

ဆီးရီးယားက တူရကီ လိုလားတဲ့ အတိုက်အခံတပ်ဖွဲ့တွေဖြစ်တဲ့ အမျိုးသားလွတ်မြောက်ရေးရှေ့တန်း NLF တပ်ဖွဲ့ဝင်တွေဟာ ရုရှရဲ့ လေကြောင်းစီးနင်းတိုက်ခိုက်မှုကြောင့် တပ်ဖွဲ့ဝင်အင်အား ဒါဇင်များစွာ ကျဆုံးခဲ့ပါတယ်။

အဲဒီ လေကြောင်းထိုးစစ်ကို လက်တုံ့ပြန်ပြီး ရုရှစစ်တပ်နဲ့ ရုရှကျောထောက်နောက်ခံပေးနေတဲ့ အစိုးရတပ် ပစ်မှတ်တွေဆီ လက်နက်ကြီးတွေနဲ့ တုံ့ပြန်ပစ်ခတ်တာကြောင့် အစိုးရစစ်သား ၁၅ ဦး သေဆုံးတယ်လို့ စစ်ပွဲစောင့် ကြည့်ရေး  ဆီးရီးယားလူ့အခွင့်အရေးအဖွဲ့က အင်္ဂါနေ့မှာ ပြောပါတယ်။

ဆီးရီးယားက နောက်ဆုံး အကြီးဆုံး သူပုန်ထိန်းချုပ်နယ်မြေ အီဒလစ်အရပ် တူရကီနယ်စပ်အနီးက ဖေးလက်အယ်ရှမ်း အခြေစိုက်စခန်းကို ရုရှဟာ တနင်္လာနေ့က လေကြောင်းစီးနင်းတိုက်ခိုက်ခဲ့တာကြောင့် အတိုက်အခံ တပ်ဖွဲ့ဝင် ၇၈ ဦး သေဆုံးပြီး ၉၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အီဒလစ်ပြည်နယ် တောင်ပိုင်းနဲ့ အရှေ့ပိုင်းက အစိုးရထိန်းချုပ်နယ်မြေတွေနဲ့ အနီးနားက ဟာမား၊ အလီပိုနဲ့ လာတာကီယာပြည်နယ်တွေဆီ NLF တပ်တွေက ဗုံးကြဲတိုက်ခိုက်ရာမှာ ၂၄ နာရီအတွင်း အစိုးရတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးခဲ့တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယယ်။

“အစိုးရပစ်မှတ်တွေ အထူးသဖြင့် အီဒလစ်ပြည်နယ် တောင်ပိုင်းနဲ့ ဟာမားပြည်နယ် မြောက်ပိုင်းတွေကို NLF တပ်တွေက ချက်ချင်း လက်တုံ့ပြန်တိုက်ခိုက်ခဲ့တယ်။”လို့ NLF ပြောခွင့်ရသူ နာဂျီမူစတာဖာက ပြောပါတယ်။

“လက်တုံ့ပြန်တိုက်ခိုက်နေတုန်းပဲ ဖြစ်ပြီး ပိုပြီး ပြင်းထန်လာမယ်။”လို့လည်း သူက ပြောပါတယ်။ တနင်္လာနေ့က ရုရှရဲ့ လေကြောင်းစီးနင်းတိုက်ခိုက်မှုဟာ လွန်ခဲ့တဲ့ ရှစ်လလောက်က အသက်ဝင်တဲ့ ရုရှ-တူရကီ အပစ်ရပ် ရေးနောက်ပိုင်း ဖြစ်ပွားတဲ့ ထိပ်တိုက်တွေ့မှုတွေမှာ အသေအဆုံးအများဆုံး တိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။

အဲဒီ ရုရှ-တူရကီ အပစ်ရပ်သဘောတူညီမှုဟာ ရုရှထောက်ခံတဲ့ ဆီးရီးယားအစိုးရတပ်တွေက အီဒလစ်ပြည်နယ်ကို လက်ရသိမ်းပိုက်ရေး ထိုးစစ်ဆင်ရာကနေ ပျက်ပြယ်သွားခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ တိုက်ပွဲတွေမှာ လူပေါင်း ၅၀၀ ကျော်ထက်မနည်း သေဆုံးပြီး လူတစ်သန်းနီးပါးဟာ ဆီးရီးယားရဲ့ ကိုးနှစ်တာ ပြည်တွင်းစစ်အတွင်း အဆိုးဆုံး စစ်ဘေးစစ်ဒဏ်ကို ရင်ဆိုင်ကြုံတွေ့နေရတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly