တရုတ်က ခေါင်းပုံဖြတ် အမြတ်ကြီးစားလို့ သီရိလင်္ကာကို အမေရိကန် သတိပေး

တရုတ်က ခေါင်းပုံဖြတ် အမြတ်ကြီးစားလို့ သီရိလင်္ကာကို အမေရိကန် သတိပေး

အောက်တိုဘာ ၂၉ ၊ ၂၀၂၀

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုဟာ သီရိလင်္ကာနိုင်ငံဆီ ခရီးစဉ် ရောက်ရှိရာမှာ အဲဒီ နိုင်ငံအတွက် အဓိက ဘဏ္ဍာရေး ထောက်ပံ့နေတဲ့ တရုတ်နိုင်ငံဟာ ခေါင်းပုံဖြတ်အမြတ်ကြီးစားပဲဖြစ်တယ်ဆိုပြီး ဗုဒ္ဓဟူးနေ့က သတိပေးပြောဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ အမေရိကန်အတွက် အားကောင်းတဲ့ မဟာဗျူဟာမိတ်ဖက်ပဲ ဖြစ်တယ်ဆိုပြီး ပွန်ပဲယိုက ကြေညာရင်း ခုလိုပဲ သတိပေးပြောဆိုခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ အာရှရဲ့ မဟာအင်အားကြီး တရုတ်ကို တန်ပြန်ဖို့အတွက် အိန္ဒိယကနေစတင်ပြီး အာရှခရီးစဉ် ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ သီရိလင်္ကာရဲ့ အိမ်နီးချင်း မော်လ်ဒိုက်နိုင်ငံဆီလည်း အမေရိကန်နဲ့ တည်ရှိဆဲ သံတမန်ဆက်ဆံရေးကို မြှင့်တင်ဖို့ သွားရောက်ခဲ့ပါတယ်။

သီရိလင်္ကာနဲ့ မော်လ်ဒိုက်နှစ်နိုင်ငံစလုံးဟာ အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်လမ်းကြောင်းပေါ်မှာ မဟာဗျူဟာတည်ရှိနေတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင် နှစ်တွေမှာ နှစ်နိုင်ငံစလုံးဟာ တရုတ်အကြွေး ဝန်ပိနေတာကြောင့် အမေရိကန်နဲ့ အခြားနိုင်ငံတွေအတွက် တရုတ်ရဲ့ ခြေလှမ်းတွေကို စိုးရိမ်ပူပန်မှုတွေ ဖြစ်တည်စေပါတယ်။

“အမှန်စင်စစ်တော့ အားကောင်းတဲ့ အချုပ်အခြာပိုင် သီရိလင်္ကာဟာ ကမ္ဘာ့ဇာတ်ခုံမှာ အမေရိကန်ရဲ့ အင်အားပြည့်ဝတဲ့ မဟာဗျူဟာမိတ်ဖက်ပါ။ အင်ဒို-ပစိဖိတ်ဒေသ လမ်းပွင့်ပြီး လွတ်လပ်စွာ စီးဆင်းရေးမှာ သီရိလင်္ကာက တံခါးဖွင့်ပေးနိုင်တဲ့ နိုင်ငံပါ။ ဒါပေမယ့် တရုတ်ရဲ့ လုပ်ဆောင်ချက်တွေကြောင့် တော်တော်လေးကို ဆန့်ကျင်ဖက် ဖြစ်နေတယ်။ မြေပြင်နဲ့ ရေကြောင်းဆိုင်ရာ သဘောတူညီချက်တွေမှာ အချုပ်အခြာကို ချိုးဖောက်တာ၊ ဥပဒေမဲ့ လုပ်ဆောင်တာတွေနဲ့ သီရိလင်္ကာကို တရုတ်က ဆိုးဝါးတဲ့ သဘောတူညီချက်တွေနဲ့ ချည်နှောင်ထားတယ်။ တရုတ်ကွန်မြူနစ်ပါတီဟာ အမြတ်ကြီးစား ခေါင်းပုံဖြတ်သူတေါပဲ။ ကျွန်တော်တို့ကတော့ ဒီလိုမျိုးအတွက် လာရောက်တာမဟုတ်ပါ။ မိတ်ဆွေအဖြစ် ရောင်းရင်းအဖြစ် လာရောက်တာပဲ ဖြစ်ပါတယ်။”ဆိုပြီး ပွန်ပဲယိုက ပြောပါတယ်။

သီရိလင်္ကာနိုင်ငံဟာ အခြေခံအဆောက်အအုံတွေအတွက် တရုတ်ထံကနေ အမေရိကန်ဒေါ်လာ ဘီလီယံများစွာ ချေးယူထားရတာဖြစ်ပြီး ပင်လယ်ရေနက်ဆိပ်ကမ်းတစ်ခု တည်ဆောက်ရေး ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံကို မတတ်နိုင်တာကြောင့်လည်း ၂၀၁၇ မှ တရုတ်ကုမ္ပဏီတစ်ခုကို ဆိပ်ကမ်းကို ၉၉ နှစ် အငှားချထားခဲ့ရတာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly