ဆော်ဒီနိုင်ငံသူ ရေးဆွဲတဲ့ ကမ္ဘာ့အကြီးဆုံး ကော်ဖီပန်းချီ ဂင်းနစ်မှတ်တမ်း ဝင်

ဆော်ဒီနိုင်ငံသူ ရေးဆွဲတဲ့ ကမ္ဘာ့အကြီးဆုံး ကော်ဖီပန်းချီ ဂင်းနစ်မှတ်တမ်း ဝင်
Photo - AFP

အောက်တိုဘာ ၁၉ ၊ ၂၀၂၀

ဆော်ဒီအာရေဗျနိုင်ငံက ပန်းချီဆရာမတစ်ဦးဟာ ကမ္ဘာ့အကြီးဆုံး ကော်ဖီပန်းချီကို ဖန်တီးရေးဆွဲပြီး တစ်ဦးတည်း ဖန်တီးမှုလက်ရာအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဖြစ်လာခဲ့တယ်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက တနင်္ဂနွေနေ့မှာ ကြေညာပါတယ်။

ပန်းချီဆရာမ အိုဟတ်အဗ္ဗဒူလက်ရှ်အယ်မယ်ကီဟာ စတုရန်းကီလိုမီတာ ၂၂၀(စတုရန်းပေ ၂၃၇၀) ရှိတဲ့ ပန်းချီကားကြီးကို ဒိတ်လွန်ကော်ဖီတွေကို သုံးပြီး ဆော်ဒီနဲ့ အိမ်နီးချင်း ယူအေအီးနိုင်ငံက ထင်ရှားတဲ့ ခေါင်းဆောင်တွေရဲ့ပုံကို ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

“ဒီ ပန်းချီကားကြီး အပြီးသတ်ဖို့ ကျွန်မဟာ ၄၅ ရက်လုံးလုံး မရပ်မနား ရေးဆွဲခဲ့ရတာ ဖြစ်တယ်။ မျက်မြင်နှစ်ဦးကလည်း သက်သေအဖြစ် စောင့်ကြည့်နေသလို ဗီဒီယိုနဲ့ မှတ်တမ်းတင်တာ၊ ဒရုန်းယာဉ်နဲ့ ဗီဒီယိုရိုက်တာတွေကြားကပဲ ရေးဆွဲခဲ့တာပါ။”လို့ အယ်မယ်ကီက ပြောကြောင်း ဂင်းနစ်မှတ်တမ်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဂျေဒက်ရှ်မြို့မှာ Naseej 1 (စည်းလုံးခြင်း) လို့ နာမည်ပေးထားတဲ့ ဒီ ပန်းချီကားကြီးကို အထည်စ ခုနစ်စကို ပေါင်းချုပ်ထားတဲ့ ကင်းဗတ်ပေါ်မှာ ခြယ်မှုန်းရေးဆွဲခဲ့တာ ဖြစ်ပါတယ်။

ယူအေအီးနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကို တည်ထောင်သူတွေဖြစ်တဲ့ ကွယ်လွန်သူ ဘုရင် ရှိတ်ဇာယက်ဘင်အယ်လ်နာဟန်နဲ့ ဘုရင် အက်ဒူအဇစ်ဘင်ဆော်တို့ရဲ့ ရုပ်ပုံတွေကို ရေးဆွဲထားတာပါ။

ဒီ ဘုရင်နှစ်ဦး ရုပ်ပုံကြီးတွေရဲ့အောက်မှာ ပင်လယ်ကွေ့ ဆော်ဒီနဲ့ ယူအေအီးနိုင်ငံက အခြားခေါင်းဆောင်တွေရဲ့ ရုပ်ပုံငယ်လေးတွေကိုလည်း ရေးဆွဲခြယ်မှုန်းထားတာ ဖြစ်ပါတယ်။

“ကျွန်မ ဒီ ပန်းချီကားကြီးကို ဖန်တီးရတဲ့ ရည်ရွယ်ချက်က နှစ်နိုင်ငံကြားမှာ ရာစုနှစ်ချီ မဟာမိတ် ခိုင်မာခဲ့တာကို ကမ္ဘာကို အသိပေးချင်လို့ပါ။”လို့ အယ်မယ်ကီက ပြောပါတယ်။

အခု ပန်းချီကားကြီးကို ဖန်တီးဖို့အတွက် သက်တမ်းလွန် ကော်ဖီစေ့ပေါင်း ၄ ဒသမ ၅ ကီလိုဂရမ်လောက်ကို အသုံးပြုခဲ့ရတယ်လို့ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းက ဖော်ပြပါတယ်။

အခု သူ့ရဲ့ ဒီ ပန်းချီကားလက်ရာဟာ ဆော်ဒီနဲ့ အခြားနိုင်ငံတွေမှာပါ အမျိုးသမီးတွေရဲ့ စွမ်းပကားကို တစ်ထောင့်တစ်နေရာကနေ ဖော်ထုတ်ပြသနိုင်တာဖြစ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အယ်မယ်ကီက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly