ဗီယက်နမ်သို့ ဂျပန်က လက်နက် တင်ပို့မည်

ဗီယက်နမ်သို့ ဂျပန်က လက်နက် တင်ပို့မည်
 Japan has been promoting its P-1 patrol plane, like this one, and the C-2 transport plane abroad. (Photo by Tim Felce)

အောက်တိုဘာ ၁၆

စစ်ဘက်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများနှင့် နည်းပညာများကို ဗီယက်နမ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်းကို ခွင့်ပြုမည့် သဘောတူညီချက်တစ်ခုကို ဂျပန်အစိုးရက လက်မှတ်ရေးထိုးရန် စီစဉ်နေသည်။ ယင်းသည် တရုတ်၏ ပင်လယ်ရေကြောင်းဆိုင်ရာ တိုးမြင့်လှုပ်ရှားနေမှုများကို တန်ပြန်နိုင်ရေး အင်ဒို-ပစိဖိတ် နိုင်ငံများ၏ ကာကွယ်ရေး လုပ်နိုင်စွမ်းများကို မြှင့်တင်ပေးရန် တွန်းအားပေးမှု တစ်စိတ်တစ်ဒေသလည်းဖြစ်သည်။

ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါက ၎င်း၏ သက်တမ်းတွင် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် လာမည့်အပတ်တွင် ဗီယက်နမ်နှင့် အင်ဒိုနီးရှားကို သွားရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၃ ရက်က ကြေညာခဲ့သည်။ ၎င်းသည် အဆိုပါ ခရီးစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် ဗီယက်နမ်နှင့်အကြား သဘောတူညီချက်ကို လက်မှတ်ရေးထိုးဖွယ် ရှိသည်။

နိုင်ငံများ၏ ခေါင်းဆောင်များနှင့် ဆူဂါ အကြား တွေ့ဆုံမည့် အစည်းအဝေးများတွင် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးက အဓိက အကြောင်းအရာတစ်ခုအဖြစ် ထွက်ပေါ်လာဖွယ် ရှိသည်။ အထူးသဖြင့် ဗီယက်နမ် သည် တောင်တရုတ်ပင်လယ်တွင် တရုတ်နှင့်အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ရင်ဆိုင်နေရပြီး အဆိုပါ တောင်တရုတ်ပင်လယ်တွင် တရုတ်သည် ယင်း၏ စစ်ရေးတည်ရှိမှုနှင့် ကျွန်းများ တည်ဆောက်မှုကို ဆက်လုပ် နေသည်။ ယခုနှစ် ဧပြီလကလည်း တရုတ် ကမ်းခြေစောင့် ရေယာဉ်တစ်စင်းနှင့် ဗီယက်နမ် ငါးဖမ်းသင်္ဘောတစ်စင်းတို့ ပင်လယ်ပြင်တွင် တိုက်မိခဲ့ကြသေးသည်။

အာရှနှင့် အရှေ့အလယ်ပိုင်းကို ချိတ်ဆက်ထားသည့် အဓိက ပင်လယ်လမ်းကြောင်းတစ်ခုဖြစ်သော တောင်တရုတ်ပင်လယ်သည် ဂျပန်၏ အမျိုးသားလုံခြုံရေးအပေါ် တိုက်ရိုက် သက်ရောက်မှုတစ်ခု ရှိသည်။ အဆိုပါ ပင်လယ်ရေပြင်ထဲတွင် တရုတ်တို့ဘက်က ထိန်းထိန်းသိမ်းသိမ်း ရှိစေရေး တွန်းအားပေးနိုင်ရန်အလို့ငှာ ဂျပန်သည် ဗီယက်နမ်တွင် ယင်း၏ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ရည်ရွယ်သည်။

ဂျပန်သည် ၂၀၁၄ ခုနှစ်က စစ်ဘက်ကာကွယ်ရေး ပစ္စည်းနှင့်နည်းပညာ လွှဲပြောင်းရေးဆိုင်ရာ အခြေခံစည်းမျဉ်းသုံးခုအောက်တွင် စစ်လက်နက် တင်ပို့မှုများအပေါ် ပိတ်ပင်ချက်ကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ စည်းမျဉ်း သုံးခုထဲတွင် ပဋိပက္ခစစ်ပွဲတစ်ခုနှင့် ပတ်သက်နေသည့် နိုင်ငံတစ်နိုင်ငံထံ လက်နက်များ လွှဲပြောင်းမပေးရေး၊ မည်သည့် လက်နက်လွှဲပြောင်းပေးမှုမဆို ဂျပန်၏ လုံခြုံရေးကို ပံ့ပိုးထောက်ကူရေး နှင့် ဂျပန်ဆီမှ စစ်လက်နက် ပစ္စည်းများ လက်ခံရရှိသည့်နိုင်ငံသည် အခြားတတိယကြားနိုင်ငံတစ်နိုင်ငံထံ လက်နက်များ ထပ်မံလွှဲမပေးမီ ဂျပန်ဘက်က ကြိုတင် သဘောတူညီချက် ထုတ်ပေးရေး ဆိုပြီး ပြဋ္ဌာန်းထားသည်။

လက်တွေ့လုပ်ဆောင်မှုအရ တရားဝင် သဘောတူညီချက်တစ်ခုတွင် ဤစည်းမျဉ်းများကို လက်ခံအသိအမှတ်မပြုသည့် နိုင်ငံများကို ဂျပန်အနေဖြင့် အခြေခံအားဖြင့် ကာကွယ်ရေးပစ္စည်းများ တင်ပို့မည်မဟုတ်ဟု ဆိုလိုရာ ရောက်သည်။ ဂျပန်သည် ယင်းကဲ့သို့ သဘောတူညီချက်များကို အမေရိကန်၊ ယူကေ၊ ဖိလစ်ပိုင်နှင့် မလေးရှားအပါအဝင် လက်ရှိအချိန်အထိ နိုင်ငံ ကိုးနိုင်ငံနှင့် လက်မှတ်ထိုးထားသည်။

ဂျပန် ပို့ကုန်များ၏ အသေးစိတ်က ဗီယက်နမ်ဘက်က မည်သည်ကို အလိုရှိသလဲ ဆိုသည့်အပေါ် မူတည်မည်ဖြစ်သည်။ ဂျပန်သည် ယင်း၏ P-1 ကင်းလှည့်လေယာဉ်နှင့် C-2 ပို့ဆောင်ရေးလေယာဉ်တို့ကို ပြည်ပတွင် အမွှမ်း တင်ကြော်ငြာထားခဲ့သည်။ ထို့ပြင် Mitsubishi Electric က ဖန်တီးထုတ်လုပ်သော သတိပေးမှုနှင့် ထိန်းချုပ်ရေး ရေဒါစနစ်တစ်ခု တင်ပို့ရန် ပြီးခဲ့သည့် သြဂုတ်လက ဖိလစ်ပိုင်နှင့်အကြား သဘောတူညီချက်တစ်ခု လက်မှတ် ထိုးခဲ့သေးသည်။

ကင်းလှည့်လေယာဉ်များကဲ့သို့သော ထုတ်ကုန်များကို ထုတ်လုပ်ရာတွင် ပြည်တွင်း ကုမ္ပဏီအများအပြား ပါဝင်လုပ်ဆောင်ပတ်သက်ထားခဲ့သည်။ သို့သော် ယင်းထုတ်လုပ်မှုများက အချိန်အများအပြားပေးရပြီး ထုတ်ကုန်များ ထုတ်လုပ်ရန် ငွေအများအပြား လိုအပ်သဖြင့် ကုမ္ပဏီအချို့က ကာကွယ်ရေးပစ္စည်းထုတ် လုပ်ငန်းကနေ စတင်ထွက်ခွာလာခဲ့ကြပြီဖြစ်သည်။ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနကမူ ပို့ကုန်များကို တိုးမြှင့်ခြင်း၊ အခြားနိုင်ငံများ နှင့်အကြား လက်နက် ထုတ်လုပ်ရေး ပူးတွဲသဘောတူညီချက်များနှင့်အတူ ယင်းလုပ်ငန်းကို ကျားကန်ထားရန် မျှော်လင့်နေသည်။

၂၀၁၄ ခုနှစ်တွင် ပိတ်ပင်ချက်ကို ရုပ်သိမ်းပြီးနောက်ပိုင်း အချောထည် ထုတ်ကုန်တစ်ခုအတွက် ဂျပန်နိုင်ငံ၏ တစ်ခုတည်းသော ပို့ကုန်သဘောတူညီချက်က ဖိလစ်ပိုင်နှင့်အကြား ရေဒါ စာချုပ်ပင် ဖြစ်သည်။ ဂျပန် အစိုးရသည် အရှေ့တောင်အာရှ ဝယ်လိုအားကို အသုံးချနိုင်ရန် မျှော်လင့်လျက်ဖြင့် ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှုများနှင့် သက်ဆိုင်သည့် သဘောတူညီချက်တစ်ရပ် လက်မှတ်ထိုးနိုင်ရန် အင်ဒိုနီးရှား၊ ထိုင်းနှင့်အကြား ညှိနှိုင်းဆွေး နွေးမှုများ လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်စုအတွင်း ဗီယက်နမ်၏ လက်နက် ဝယ်ယူမှုများ၏ အကြမ်းဖျင်း ၈၀ ရာခိုင်နှုန်းခန့်သည် ရုရှားထံမှ လာခြင်း ဖြစ်ကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျူ့က ဖော်ပြသည်။ လက်ရှိအချိန်အထိ ယင်းနိုင်ငံသည် တရုတ်ကို တုံ့ပြန်မှုအဖြစ် ဂျပန်၊ အမေရိကန်တို့နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအတွက် ပိုမို နီးနီးကပ်ကပ် ပူးပေါင်းလုပ်ဆောင်ထားခဲ့သည်။ ယင်းအတွက်ကြောင့်လည်း စိတ်ဝင်စားမှု နယ်ပယ်သစ် ချဲ့ထွင်ရေးအတွက် ဟနွိုင်းကို သိမ်းသွင်းစည်းရုံးရန် တိုကျိုက မျှော်လင့်နေသည်။

ဂျပန်သည် အရှေ့တောင်အာရှဒေသ တစ်ခုလုံးနှင့်အကြား စီးပွားရေး လုံခြုံမှုပိုင်းဆိုင်ရာ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် လုပ်ဆောင်လျက် ရှိသည်။ အရှေ့တောင်အာရှဒေသကိုလည်း “လွတ်လပ်ပြီး တံခါးဖွင့်ထားသော အင်ဒို-ပစိဖိတ်” ဒေသတစ်ခုအတွက် တွန်းအားပေးရာတွင် အဓိကကျသည်ဟု ဂျပန်က ရှုမြင်သည်။ တောင်တရုတ်ပင်လယ်၌ တရုတ်၏ လုပ်ဆောင်ချက်များက ဒေသရှိ နိုင်ငံအချို့အပေါ် သတိပေး တပ်လှန့်ထားချိန် အခြားနိုင်ငံများသည်လည်း တရုတ်ထံမှ စီးပွားရေးအကူအညီ ရရှိပြီးနောက် စူပါ ပါဝါနိုင်ငံနှင့် ပိုမိုနီးကပ်စွာ တိုးတက်ဖြစ်ပေါ်ထားခဲ့သည်။

ဂျပန်သည် ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားရှိ ယင်း၏ သံရုံးများတွင် သတင်းအချက်အလက် စုဆောင်းရန်နှင့် ပြည်တွင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အပေါက်အလမ်းတည့်စေရန် စစ်သံမှူးနှစ်ဦးစီ နေရာချထား သည်။ ယင်း၏ ပင်လယ်ရေကြောင်း ကာကွယ်ရေးတပ်သည် ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင် ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု လေးခုကို လုပ်ခဲ့သည်။ ဂျပန်အစိုးရသည် အင်ဒိုနီးရှားနှင့်အကြား ဒုတိယအကြိမ်မြောက် ကာကွယ် ရေးနှင့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတစ်ခုကို ကျင်းပရန် စီစဉ်နေသည်။ ထို့ပြင် ဂျပန်အစိုးရသည် ထိုင်းနှင့်အကြား နှစ်ဘက် ကာကွယ်ရေး အာဏာပိုင်များအကြား အပြန်အလှန် ဆက်ဆံမှု တိုးမြှင့်ရေး နားလည်မှု စာချွန်လွှာတစ်ရပ်ကိုလည်း လက်မှတ်ထိုးထားသည်။

လက်နက် တင်ပို့မှုများသည် ပြည်ပရှိ ကာကွယ်ရေး အာဏာပိုင်များနှင့် ဆက်ဆံရေးကို ထပ်မံနက်ရှိုင်းစေမည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဂျပန်သည် ပိုင်းလော့များကို လေ့ကျင့်သင်ကြားရာတွင် သုံးသည့် TC-90 လေယာဉ် ငါးစင်းနှင့် ဘက်စုံသုံး ဟယ်လီကော်ပတာ အစိတ်အပိုင်းများကို ဖိလစ်ပိုင်ကို လှူဒါန်းထားသည်။ ထို့ပြင် ယင်းသည် ဂျပန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ကင်းလှည့်ရေယာဉ်များကို မလေးရှားသို့ ပေးအပ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly