ချက်နိုင်ငံမှာ ကွာရန်တင်းသမားတွေ ကားပေါ်ကနေ  ရွေးကောက်ပွဲမဲပေး

ချက်နိုင်ငံမှာ ကွာရန်တင်းသမားတွေ ကားပေါ်ကနေ  ရွေးကောက်ပွဲမဲပေး

အောက်တိုဘာ ၁ 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကွာရန်တင်းအောက်မှာ ရှိနေကြတဲ့ ချက်နိုင်ငံသားတွေကတော့ ယခုအခါ ၎င်းတို့တွေရဲ့ ကားပြတင်းပေါက်ကနေတဆင့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲတွေ ပေးလို့ ရနေလျက် ရှိပါတယ်။ 

ချက်သမ္မတနိုင်ငံရဲ့ ဒေသဆိုင်ရာနဲ့ အထက်လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေမှာတော့ ၎င်းတို့တွေဟာ drive-in စနစ် သုံး အထူးမဲရုံ (ကားမောင်းဝင်ပြီး ကားထဲကနေ ထိုင်ရာမထဘဲ မဲပေးနိုင်တဲ့ မဲရုံ) တွေမှာ မဲပေးလို့ ရနိုင်လျက် ရှိပါတယ်။ 

ယင်းနိုင်ငံမှာတော့ လက်ရှိကာလ ကွာရန်တင်းအောက်မှာ ရှိနေတဲ့ မဲဆန္ဒရှင် ၁၅,၀၀၀ လောက်အတွက်ကို ယင်းလိုမျိုး မဲရုံ ၇၈ ရုံကို ပြည်ထဲရေးဝန်ကြီးဌာနက တည်ဆောက်ပေးထားတာဖြစ်ပါတယ်။ 

နှာခေါင်းစည်းတွေ ဝတ်ထားကြတဲ့ မဲဆန္ဒရှင်တွေဟာ မိုကာတဲ မဲရုံတစ်ခုဆီကို ကားနဲ့ မောင်းဝင်လာကြရပြီး အဲဒီနေရာမှာ ၎င်းတို့ရဲ့ အမည် ဘယ်သူဘယ်ဝါဆိုတာကို စစ်သားတွေက ခွဲခြားဖော်ထုတ်ပါတယ်။ စစ်သားတွေကတော့ အဖွဲ့ဝင်သုံးဦးပါ ရွေးကောက်ပွဲ တာဝန်ရှိသူတွေအဖြစ် ဖွဲ့စည်းပါဝင်ထားတာဖြစ်ပြီး ၎င်းတို့နဲ့အတူ စာရင်းမှတ် စာရေးတစ်ဦးလည်း ရှိနေပါတယ်။ 

၎င်းတို့တွေဟာ ကားထဲမှာ ရှိတဲ့ မဲဆန္ဒရှင်တွေကို ဆန္ဒမဲလက်မှတ်တွေ ပေးကြပြီး မဲပေးပြီးသွားတဲ့ ဆန္ဒမဲလက်မှတ်တွေကို ကားပြတင်းပေါက်အပြင်မှာ မဲပုံးထဲ ထည့်စေတာဖြစ်ပါတယ်။ 

လက်ရှိကာလ ကွာရန်တင်း အောက်မှာ ရှိမနေကြတဲ့ အခြားသော ချက်ပြည်သူတွေကတော့ ဒေသဆိုင်ရာနဲ့ အထက်လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် လာမယ့် အောက်တိုဘာ ၂ ရက်နဲ့ ၃ ရက်တို့မှာ မဲပေးလို့ ရမှာဖြစ်ပါတယ်။ 

လူဦးရေ ၁၀ ဒသမ ၇ သန်းရှိ အီးယူအဖွဲ့ဝင်နိုင်ငံကတော့ မကြာသေးမီ ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်မှုတွေ မြင့်တက်ထားခဲ့ပြီး ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်မနက်ပိုင်းအထိ ယင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်သူ ၆၈,၀၀၀ နီးပါးနဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၃၆ ဦး ရှိနေတယ်လို့ သိရပါတယ်။ 

“ဒါကတော့ ကိုဗစ်-၁၉ ကြောင့် ကွာရန်တင်း အောက်မှာ ရှိနေကြတဲ့ မဲဆန္ဒရှင်တွေအတွက် လုပ်ပေးတာ ဖြစ်ပါတယ်၊ သူတို့တွေကတော့ သက်ဆိုင်ရာ အများပြည်သူ ကျန်းမာရေးတာဝန်ရှိသူတွေ ဒါမှမဟုတ် ဆရာဝန်တွေက တရားဝင် ကွာရန်တင်းအောက်မှာ နေခိုင်းထားသူတွေဖြစ်ပါတယ် ဒါမှမဟုတ် သူတို့ဟာ ကိုဗစ်-၁၉ ရောဂါ ခံစားနေရလို့ သီးခြားခွဲနေနေရသူတွေဖြစ်တယ်” လို့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဌာနစိတ် ညွန်ကြားရေးမှူး ပက် ဗိုကက်က ပြောပါတယ်။ 

“မဲဆန္ဒရှင်တွေအနေနဲ့ drive-in စနစ်နဲ့ မဲရုံတွေဆီ လာရပါတယ်၊ အဲဒီ မဲရုံနေရာတွေကိုတော့ သူတို့ရဲ့ လိပ်စာတွေအပေါ် အခြေခံပြီး အင်တာနက်ပေါ်ကနေ သူတို့ ရှာရတာပါ၊ အဲဒီနောက် ရဲတွေက သူတို့ကို မဲရုံစခန်းဆီ သွားရမယ့် လမ်းပြပါလိမ့်မယ်၊ အဲဒီမှာ သူတို့ကားရပ်ပြီး စစ်သားတစ်ယောက်နဲ့ ပြောဆိုပြီး မဲပေးဖို့ လုပ်ရပါမယ်” လို့ ၎င်းက ပြောပါတယ်။ 

“ရွေးကောက်ပွဲ တာဝန်ရှိသူတွေက မဲဆန္ဒရှင်တွေကို ဘယ်သူဘယ်ဝါ ခွဲခြားပါလိမ့်မယ်၊ သူတို့ ဒီမဲရုံမှာ ပေးလို့ရသလား စစ်ဆေးတာပါ၊ ပြီးတော့ မဲလက်မှတ်တွေနဲ့ စာအိတ်တွေ ပေးပါလိမ့်မယ်” လို့လည်း ၎င်းက ပြောသွားပါတယ်။ 

“ ဒီအိုင်ဒီယာအရ မဲဆန္ဒရှင်ဟာ သူ့ကားထဲကနေ အခိုက်အတန့်တစ်ခု အပြင်ထွက်စရာ မလိုတော့ဘူး၊ ပြီးတော့ မဲဆန္ဒရှင်ဟာ အချိန်ပြည့် နှာခေါင်းစည်းတစ်ခု ဝတ်ထားရမယ်၊ စစ်သားတွေက အိုင်ဒီကတ်ကို စစ်ဆေးတဲ့ အချိန်နှစ်စက္ကန့်လောက်က လွဲလို့ပေါ့” လို့လည်း ၎င်းက ပြောသွားပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly