အောက်တိုဘာလအတွင်း ဗီယက်နမ်နှင့်အင်ဒိုနီးရှားသို့ သွားရောက်ရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါ စဉ်းစားနေ

အောက်တိုဘာလအတွင်း ဗီယက်နမ်နှင့်အင်ဒိုနီးရှားသို့ သွားရောက်ရန် ဂျပန်ဝန်ကြီးချုပ် ဆူဂါ စဉ်းစားနေ

စက်တင်ဘာ ၃၀ 

အောက်တိုဘာလလယ်ခန့်တွင်ဗီယက်နမ်နှင့်အင်ဒိုနီးရှားနိုင်ငံများသို့သွားရောက်ရန် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိဒဲ ဆူဂါ မှစဉ်းစားလျက်ရှိသည်။ 

အဆိုပါခရီးစဉ်သည် ဆူဂါ ဝန်ကြီးချုပ်ဖြစ်ပြီးနောက်ပထမဆုံးပြည်ပခရီးဖြစ်လာမည်ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားပြီးနောက်အဆိုပါနိုင်ငံများသည် အမေရိကန်၊ဥရောပနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ရောဂါပျံ့နှံ့မှုလျော့ပါးလာလျက်ရှိသည်။  

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေပေါ်မူတည်၍ ခရီးစဉ်ကိုအပြောင်းအလဲပြုလုပ်မည်ဖြစ်သည်။ 

ဆူဂါ သည်ဗီယက်နမ်ဝန်ကြီးချုပ် ငုယင်ရွှမ်ဖု နှင့်အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို တို့နှင့်နိုင်ငံတကာခရီး သွားလာမှုပြန်လည်တိုးတက်လာရေးအတွက်ဆွေးနွေးမည်ဖြစ်သည်။ 

ဂျပန်နှင့်ဗီယက်နမ်တို့အကြားစီးပွားရေးအရခရီးသွားလာမှုများအပေါ် ကန့်သတ်ချက်များဖြေလျော့ပေး ရန်ဆွေးနွေးလျက်ရှိပြီးနိုင်ငံခြားသားအလုပ်သမားများကိုပြည်ဝင်ခွင့်ပေးခဲ့ပြီးဖြစ်သည်။ 

အမေရိကန်-တရုတ်တို့စစ်ရေး၊စီးပွားရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေသည့် တောင်တရုတ် ပင်လယ်အရေးနှင့်ပတ်သက်၍ ဆူဂါ သည် ဗီယက်နမ်၊အင်ဒိုနီးရှား တို့နှင့်ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ် လိုလျက်ရှိသည်။ အာဆီယံနိုင်ငံများသည်လည်း ဒေသတွင်းပဋိပက္ခများအရှိန်မြင့်လာနိုင်သောကြောင့် စိုးရိမ်ပူပန်လျက်ရှိနေကြသည်။ 

တရုတ်၏ဒေသတွင်းကြီးစိုးရန်ရည်မှန်းချက်များမြင့်တက်လာမှုကိုထိန်းချုပ်ဟန့်တားရန်နှင့်ဒေသတွင်းတည်ငြိမ်ပြီးလုံခြုံမှုရှိစေရန်ဂျပန်သည် အာဆီယံနိုင်ငံများအားဆွဲဆောင်လိုနေသည်။ 

ဆူဂါ သည်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ၏”လွတ်လပ်၍ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသ” သဘောထားအပေါ်အခြေခံသည့်နိုင်ငံခြားရေးမူဝါဒကိုဆက်လက်ကိုင်စွဲထားသည်။ အဆိုပါမူဝါဒသည် တရားဥပဒေစိုးမိုးရေးကဲ့သို့သော ဒီမိုကရေစီနှင့်အခြားအရေးပါသည့်တန်ဖိုးများဖြင့်တရုတ်ကိုဟန့်တား ခြိမ်းခြောက်နိုင်စွမ်းရှိရန်ရည်ရွယ်သည်။ 

ဂျပန်နိုင်ငံသည်ဗီယက်နမ်၊အင်ဒိုနီးရှားတို့နှင့်ဆက်ဆံရေးကိုထုံးတမ်းစဉ်လာအတိုင်းအလေးထားလျက်ရှိသည်။ ဝန်ကြီးချုပ်ဟောင်း အာဘေး သည် ၂၀၁၂ ခုနှစ်တွင်ဒုတိယအကြိမ်ဝန်ကြီးချုပ်အဖြစ်ရွေးချယ်ခံရ ပြီးနောက်အဆိုပါနှစ်နိုင်ငံသို့ပထမဆုံးအကြိမ်သွားရောက်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly