နိုင်ငံခြားသားများ လာရောက်ရန် ဖိတ်ခေါ်ဖို့ ထိုင်းအစိုးရ ပြင်ဆင်

နိုင်ငံခြားသားများ လာရောက်ရန် ဖိတ်ခေါ်ဖို့ ထိုင်းအစိုးရ ပြင်ဆင်

စက်တင်ဘာ ၂၉ 

စီးပွားရေးလုပ်ငန်းကိစ္စဖြင့် လာရောက်မည့် ဧည့်သည်များနှင့် ခရီးသွားများ အပါအဝင် ထိုင်းနိုင်ငံသို့ ပြည်ပ နိုင်ငံသားများ ဝင်ရောက်ခွင့်ကို ကိုဗစ်-၁၉ အခြေအနေ စီမံခန့်ခွဲရေး စင်တာ (CCSA) က စက်တင်ဘာ ၂၈ ရက်တွင် မူအားဖြင့် အတည်ပြုခဲ့သည်။ 

ယင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်ဖြစ်ပေါ်ခဲ့သည့် ထိုးနှက်ချက်များကနေ နိုင်ငံကို ပြန်လည် နာလန်ထူလာစေရေး အကူအညီ ဖြစ်စေရန် ရည်ရွယ်သည်။ 

တချိန်တည်းမှာပင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကျပ်အတည်း ပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိသေးသလို အိမ်နီးချင်း မြန်မာနိုင်ငံတွင်လည်း ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု ဆိုးဝါးနေခဲ့ချိန် CCSA သည် အရေးပေါ် အခြေအနေ ကြေညာထားမှုကို အောက်တိုဘာ ၃၁ ရက်အထိ နောက်ထပ် တစ်လ သက်တမ်းတိုးရန် သဘောတူခဲ့သည်။ 

စီးပွားရေး အကျဘက် ရောက်ရှိခြင်းကို စီးပွားရေးလုပ်ငန်းအများအပြား ရင်ဆိုင်တိုက်ခိုက်ရာတွင် အကူအညီပေးနိုင်ရန်အလို့ငှာ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ပိတ်ပင်ချက်များ ဖြေလျှော့ခြင်းက လိုအပ်ကြောင်း CCSA ၏ ပြောရေးဆိုခွင့်ရှိသူ တာဝီးဆီလ် ဗီစာနူယိုသင်းက စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။ နိုင်ငံခြား ခရီးသွားဧည့်သည်များကို ကြိုဆိုမည့် အဆိုပြုချက်တစ်ရပ်ကို ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ သဘာပတိမူသည့် CCSA အစည်းအဝေးက အတည်ပြုထောက်ခံခဲ့ကြောင်းလည်း ၎င်းက ပြောသည်။ 

၎င်းတို့သည့် အလုပ် ပါမစ်တစ်ခု မရှိဘဲ စီးပွားရေးလုပ်ငန်းရှင်များဖြစ်ပြီး ရွှေ့ပြောင်းသွားလာသူ မဟုတ်သည့် အမျိုးအစား ဗီဇာကိုင်ဆောင်ထားသူများ၊ အစိုးရက မကြာသေးမီက တရားဝင်ခွင့်ပြုပေးခဲ့သည့် အထူးခရီးသွားဗီဇာ (STV) တစ်ခု ရှိထားသည့် ကာလရှည်ကြာ နေထိုင်မည့် ခရီးသွားများ၊ ကူးစက်နိုင်ခြေ နည်းပါးသော နိုင်ငံများမှ အာရှ ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီးပွားရေး ခရီးသွား ကဒ်တစ်ခု ကိုင်ဆောင်ထားသူများနှင့် ထိုင်းတွင် အနည်းဆုံး ရက် ၆၀ နေထိုင်လိုသည့် နိုင်ငံခြားသားများ တို့ ဖြစ်သည်။ 

ထို့ပြင် အောက်တိုဘာ ၆ ရက်မှ ၁၆ ရက်အကြား ကျင်းပမည့် မင်းသမီး မဟာ ချက်ကရီ သီရိဒုံ၏ Cup Tour of Thailand 2020 တွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံခြား အားကစားသမား အုပ်စုတစ်စုနှင့် ကယ်ဆယ်ရေးလေယာဉ်ပျံသန်းမှုဆိုင်ရာ ထိုင်း အဲဝေး လေကြောင်းလိုင်းမှ လေယာဉ်မှူးများနှင့် အမှုထမ်း ၃၄၀ ပါသော အဖွဲ့တစ်ခုတို့ကိုလည်း အဆိုပြုချက်တွင် ထည့်သွင်းထားခဲ့ကြောင်း ဗီစာနူယိုသင်းက ပြောသည်။ 

နိုင်ငံခြား စက်ဘီးစီးသမားများအနေဖြင့် စမွတ် ဆုန်ခရမ် ၊ ဖက်ချာဘူရီ၊ ပရာချရက် ခိရီခန် ၊ ချမ်ဖွန် နှင့် ရနောင်းကနေ ဆူရက်ဌာနီအထိ ပြည်နယ်ချင်းအကြား ပြိုင်ပွဲတွင် ပါဝင်ခြင်းမပြုမီ ရတ်တာနာကိုစင် ဟိုတယ်တွင် ၁၄ ရက် ကွာရန်တင်း နေရမည်ဖြစ်သည်။ 

အဖွဲ့အုပ်စုတိုင်းအနေဖြင့် ရောဂါထိန်းချုပ်ရေး အစီအမံများကို  လိုက်နာရန် လိုမည်ဖြစ်သလို အချို့သော အဖွဲ့များအနေဖြင့် အနည်းဆုံး ထိုင်းဘတ် ၅၀၀,၀၀၀ ရှိ ငွေကြေးများကို အထောက်အထားပြသနိုင်သည့် ခြောက်လ ဘဏ်ဖော်ပြချက်တစ်ခုပါ ထုတ်ဖော်ရန်လိုအပ်မည်ဖြစ်ကြောင်း ဒေါက်တာ တာဝီးဆီလ်ထံမှ သိရသည်။ 

Badminton World Federation tour ကြက်တောင်ပြိုင်ပွဲ၏ အဆိုပြု ပြိုင်ပွဲတစ်ခုကို လာမည့်နှစ် ဇန်နဝါရီတွင် နိုင်ငံတွင် ကျင်းပရန်ကိုလည်း CCSA က အတည်ပြုခဲ့သည်။ 

ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အန္တရာယ်ကို နည်းနိုင်သမျှ နည်းစေရန်နှင့် နိုင်ငံခြားသား ဝင်ရောက်မှုများကို စောင့်ကြည့်ရန် အစီအမံများ စနစ်တကျ သတ်မှတ်လုပ်ဆောင်ရင်း တချိန်တည်းမှာပင် စီးပွားရေးလုပ်ငန်းကိစ္စဖြင့် လုပ်ဆောင်သူများနှင့် ခရီးသွားများကို အပေါ် အာရုံစိုက်လျက် နိုင်ငံကို ပြန်လည် ဖွင့်လှစ်သွားရေး CCSA အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း ဗိုလ်ချုပ်ကြီး ပရာယွတ်က ပြောသည်။ 

အစိုးရအနေဖြင့် လာမည့် သုံးလတွင် စီးပွားရေး မောင်းနှင်မည့် ပြည့်စုံကျယ်ပြန့်သော အစီအစဉ်တစ်ခု ဖော်ဆောင်မည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောခဲ့ပြီး ပြည်သူများကိုလည်း စည်းမျဉ်းစည်းကမ်းများ လိုက်နာကြရန် တိုက်တွန်းခဲ့သည်။ 

“ လာမယ့် သုံးလမှာ စီးပွားရေးကို မောင်းနှင်သွားရပါလိမ့်မယ်၊ ကျွန်တော်တို့ ဘာမှမလုပ်ဘူးဆိုရင် အခြေအနေက ပိုဆိုးသွားနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

ခရီးသွားလာမှုဆိုင်ရာ ပိတ်ပင်ကန့်သတ်ချက်များ ဖြေလျှော့ခြင်းကို ရှေ့ဆက်လုပ်သွားရမည်ဖြစ်ကြောင်းနှင့် အများပြည်သူ ကျန်းမာရေး အသိုက်အဝန်းအနေဖြင့်လည်း တုံ့ပြန်လုပ်ဆောင်ရန် ကောင်းကောင်း ပြင်ဆင်ထားသည်ဟု ဒုဝန်ကြီးချုပ်နှင့် အများပြည်သူ ကျန်းမာရေးဝန်ကြီး အနူတင် ချန်ဗီရာကူလ်က စက်တင်ဘာ ၂၈ ရက်တွင် ပြောသည်။ 

အဆိုပြုထားသည့် ကွာရန်တင်း ကာလ တိုတောင်းစေရေး ကိစ္စနှင့်ပတ်သက်၍ မေးမြန်းရာတွင် ၎င်းက ယင်းကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆွေးနွေးနေဆဲဖြစ်ကြောင်း ပြောခဲ့သည်။ သို့သော် ဗိုင်းရပ်စ် ကူးစက်နိုင်ခြေ အလွန် နည်းပါးသော နိုင်ငံများမှ ရောက်လာသူများအတွက် တင်းကျပ်သော အစီအမံများ လိုချင်မှ လိုမည်ဖြစ်ကြောင်း ၎င်းက ဝန်ခံသွားခဲ့သည်။ 

ကူးစက်မှုနှုန်း အလွန် နည်းပါးနေသော နိုင်ငံများအတွက် travel bubble (နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား စည်းကမ်းသတ်မှတ်ချက်များ သဘောတူထားပြီး ပြည်သူများ လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်ပြုသည့် အစီအစဉ်) ခရီးသွား အစီအစဉ်များကိုလည်း စဉ်းစားကောင်း စဉ်းစားနိုင်သည်ဟု ၎င်းက ပြောသည်။ 

ကာလရှည် နေထိုင်မည့် ခရီးသွားများကို ကြိုဆိုရန် “ဖူးခက် စံပုံစံ” ကို အစိုးရဘက်က ဆက်လက် တွန်းအားပေးသွားမည်လား မေးမြန်းချိန်တွင် မစ္စတာ အနူတင်က ယခုအခါ “ဖူးခက် စံပုံစံ” မရှိတော့ကြောင်း ပြောခဲ့သည်။ ဖူးခက် အစီအစဉ်သည် ဆန့်ကျင်ကန့်ကွက်မှုနှင့် ကြုံတွေ့ခဲ့ရပြီး ရှုပ်ထွေးမှုအများအပြား ဖြစ်စေခဲ့၍ တာဝန်ရှိသူများအနေဖြင့် ယင်းကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။ 

အရေးပေါ် အမိန့် တစ်လ သက်တမ်းတိုးခြင်းကို ယနေ့တွင် အတည်ပြုချက် ရရန် အစိုးရဝန်ကြီးအဖွဲ့သို့ တင်သွားမည်ဖြစ်ပြီး ယင်းက အမှန်စင်စစ် အများပြည်သူ ကျန်းမာရေး ရည်ရွယ်ချက်အတွက် ဖြစ်ကြောင်း အမျိုးသား လုံခြုံရေး ကောင်စီ အတွင်းရေးမှူးချုပ် ဆွန်ဆက် ရွန်ဆစ်တာက ပြောသည်။ 

ယင်းသည် အဆိုပါ အမိန့် မတ်လက ကနဦးထုတ်ပြန်ပြီးနောက် ခြောက်ကြိမ်မြောက် သက်တမ်းတိုးမှုဖြစ်လာမည်ဖြစ်သည်။ အရေးပေါ် အမိန့် စည်းမျဉ်းများအရ အစိုးရကို အမျိုးမျိုးသော အေဂျင်စီများထံမှ များပြားစုံလင်သည့် အတည်ပြုချက်များ မလိုဘဲ မလုပ်မနေရ ကွာရန်တင်း စည်းမျဉ်းများ အသက်ဝင်စေရန်နှင့် ရောဂါထိန်းချုပ်ရေးအစီအစဉ်များ အသုံးပြုနိုင်ရန် ခွင့်ပြုပေးထားသည်။ 

တချိန်တည်းမှာပင် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် STV များ ခွင့်ပြုရေးနှင့် သက်ဆိုင်သော စည်းမျဉ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ယင်းနောက် အစိုးရ၏ သုံးသပ်ကြည့်ရှုမှုအတွက် ကောင်စီသို့ တင်ပြသွားမည်ဖြစ်ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီး ဖီဖက် ရက်ချာကစ်ပရာကန်က ပြောသည်။ 

အသက်ဝင်ရန် ဝန်ကြီးချုပ်လက်မှတ် လိုသည့် စည်းမျဉ်းများသည် ပထမဆုံးသော နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုများ ဖြစ်လာဖွယ် ရှိသည့် လာမည့်လတွင် နေရာတကျ ရှိနေမည်ဟု မျှော်လင့်ကြောင်း မစ္စတာ ဖီဖက်က ပြောသည်။ ၎င်းတို့အနက် ကွမ်ကျိုးမှ တရုတ် ခရီးသွား ၁၅၀ ဦးပါ အဖွဲ့တစ်ခုသည် စင်းလုံးငှား လေယာဉ်တစ်စင်းဖြင့် အောက်တိုဘာ ၈ ရက်တွင် ဖူးခက်သို့ ရောက်ရှိလာရန် စီစဉ်ထားသည်။ 

ကွာရန်တင်း ကာလကို ၁၄ ရက်မှ ၇ ရက်သို့ လျှော့ချတိုတောင်းစေရေးက ဖြစ်နိုင်ခြေ တစ်ခုဖြစ်သော်လည်း ယင်းကို တစ်ဆင့်ချင်းစီအလိုက် ဖော်ဆောင်သွားရမည်ဟု ၎င်းက ပြောသည်။ 

နိုင်ငံခြားသား ၃၀၀ ဦး ပါ ပထမဆုံးသော အုပ်စုနှစ်စု အောက်တိုဘာ ၁၅ နှင့် အောက်တိုဘာ ၂၁ ရက်တွင် ၎င်းတို့၏ ကွာရန်တင်း ၁၄ ရက်ကာလကို ဗိုင်းရပ်စ် ကူးစက်မှုဖြစ်စဉ် လုံး၀ မတွေ့ရဘဲ ပြီးစီးသွားပါက နိုဝင်ဘာလလယ်တွင် ကွာရန်တင်းကာလကို ၇ ရက်အထိ လျှော့ချရန် ဝန်ကြီးဌာနက အဆိုပြုထားသည်။ 

ခရီးသွားလုပ်ငန်းသည် စီးပွားရေးအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဂျီဒီပီ၏ ငါး ပုံ တစ်ပုံခန့်အထိ ထည့်ဝင်ပံ့ပိုးထားသည်။ ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် သန်း ၄၀ ခန့်ကနေ ဝင်ငွေ ဘတ် ၃ ထရီလီယံကျော် ထောက်ပံ့ပေးခဲ့သည့် လုပ်ငန်းတစ်ခုကို ကပ်ရောဂါက မွေနှောက်ဖျက်ဆီးထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly