COVID-19 ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့် စစ်တွေမြို့

COVID-19 ကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်သည့် စစ်တွေမြို့
Photo - EPA

စက်တင်ဘာ ၂၈ရက်

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်တင်ဘာ ၂၈ရက်နေ့အထိ ဆေးရုံဆင်းခွင့်ရရှိသူ ဦးရေဟာ ၅၆၃ ဦးရှိပြီး ဆေးရုံတွင် လူနာ ၂၆၀ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။

ကိန်းဂဏန်းအားဖြင့် ကြည့်မည်ဆိုပါက အတိုင်းအတာတစ်ခုထိ ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း စစ်တွေပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ဇော်လွင်က ဆိုသည်။

“ဟိုဘက်က ၅၆၀ရယ် ဒီဘက်က ၂၆၀ရယ်ပေါ့နော်။ အဲ့ဒီပမာဏမှာ ဆင်းတဲ့လူနာက ပိုများတယ်ပေါ့နော်။ ၅၆၃ယောက်တောင် ပေးဆင်းနိုင်တယ်ဆိုတာက နံပါတ် တစ်က သူတို့ကို ရောဂါကောင်းအောင် ကုပေးတယ်လို့ ပြောလို့ရပါတယ်။ နံပါတ် နှစ်ကတော့ သူ့ကို ကျွန်တော်တို့က ထိန်းချုပ်ပေးတာပေါ့။ တခြားသူကို ကူးစက်မှုမရှိအောင်လို့ ထိန်းချုပ်ပေးလိုက်တာ။ အဲ့လိုထိန်းချုပ်ပေးလိုက်တဲ့အတွက် အဲ့တော့ ကျွန်တော်တို့က တစ်လကျော်ကျော်အတွင်းမှာ အတိုင်းအတာတစ်ခုထိကို ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဆက်လက်ပြီးတော့ ဒါကို ထိန်းသိမ်းဆောင်ရွက်ရဦးမယ်။ ပြည်သူတွေအနေနဲ့ ဒါကို လျှော့လျှော့ပေါ့ပေါ့နေလို့တော့မရဘူး” ဟု ဒေါက်တာ ဇော်လွင်က ပြောသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ စက်တင်ဘာလပိုင်း ထုတ်ပြန်သည့် COVID-19 အတည်ပြုလူနာများ စာရင်းများတွင် စစ်တွေမြို့ပိုးတွေ့သူအရေအတွက်မှာ ယခင် သြဂုတ်လပိုင်းက ပိုးတွေ့နှုန်းထက် များစွာ နည်းလာကြောင်းတွေ့ရသည်။

ထိုသို့ ရောဂါပိုးတွေ့နှုန်းနည်းလာရခြင်းနှင့် ထိန်းချုပ်နိုင်ရခြင်းမှာ family contact(မိသားစုနှင့် ထိတွေ့ဆက်စပ်မှု)  ကို ဦးစားပေး စစ်ဆေးသည့်အတွက်ကြောင့် ပုံမှန်ထက် ပြည်သူများထဲတွင် ပျံ့နှံ့နေခြင်း လျော့သွားသည့် အနေအထားတစ်ခုဖြစ်ကြောင်း သိရသည်။

“စဖြစ်ကာစက ကျွန်တော်တို့ဆီက စတာလို့တောင် ပြောလို့ရတယ် second wave ပေါ့နော်။ ဒီကနေ စဖြစ်တယ်လို့တောင် ပြောလို့ရတဲ့ အနေအထားတစ်ခုဆိုတော့ ဖြစ်ကာစမှ တကယ်ကိုလည်း သူတို့ကြောက်တာရှိပါတယ်။ လိုက်နာပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာက အကောင်းများတယ်ပေါ့နော်။ ထိခိုက်မှုနည်းတယ်ပေါ့။ ပြည်သူတွေမှာ ပေါ့လျော့တဲ့ အနေအထားလေးတွေ တွေ့ရတယ်ပေါ့။ ဆက်လက်ပြီးတော့ ဒါကို လိုက်နာဖို့အတွက် ပြောကြားလိုပါတယ်” ဟု ဆေးရုံအုပ် ဒေါက်တာဇော်လွင်က ပြောသည်။

 

ရခိုင်ပြည်နယ်တွင် သြဂုတ်လ ၁၆ရက်နေ့မှ စတင်ကာ ဒေသတွင်းကူးစက်မှုပြန်လည်ဖြစ်ပွားခဲ့ပြီး ကူးစက်မှုနှုန်းမှာ မြန်ဆန်ခဲ့ပြီး စက်တင်ဘာ ၅ရက်နေ့တွင်စတင်ကာ ရောဂါသက်သာသည့်လူနာများအား ဆေးရုံဆင်းခွင့် ပေးခဲ့သည်။

ဆေးရုံဆင်းခွင့် ရရှိသူများထဲတွင် ရောဂါပိုးမတွေ့ နှစ်ကြိမ်ဆက်တိုက်ပြသူများရှိသကဲ့သို့ မကြာသေးမီက ပြောင်းလဲသတ်မှတ်လိုက်သည့် ရောဂါလက္ခဏာ သက်သာ၍ ဆင်းခွင့်ရရှိသူများလည်း ပါဝင်သည်။

ရခိုင်ပြည်နယ်တွင် စက်တင်ဘာ ၂၇ရက် ညနေပိုင်းအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ၁၂၈၅ဦးရှိပြီး ဒုတိယကူးစက်မှုအများဆုံး ပြည်နယ်ဖြစ်ပြီး ထိုထဲတွင် စစ်တွေမြို့မှ ၇၃၆ ဦးရှိပြီး သေဆုံးသူ နှစ်ဦး ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly