တောင်တရုတ် ပင်လယ်အရေးတွင် တရုတ်က ကတိမတည်ကြောင်း အမေရိကန် ဝေဖန်

တောင်တရုတ် ပင်လယ်အရေးတွင် တရုတ်က ကတိမတည်ကြောင်း အမေရိကန် ဝေဖန်

စက်တင်ဘာ ၂၈၊ ၂၀၂၀

အငြင်းပွားနေသည့် တောင်တရုတ်ပင်လယ်အရေးတွင် တရုတ်နိုင်ငံသည် ပေးထားသည့် ကတိကို မတည်ကြောင်း ဂျော်ဂျီယာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဝေဖန်လိုက်သည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖျင် အမေရိကန် သမ္မတအိမ်တော် Rose Garden သို့ လာရောက်စဉ် တောင်တရုတ် ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှု အငြင်းပွားနေသည့် Spratly ကျွန်းစုနှင့် ပတ်သက်၍ တရုတ်နိုင်ငံက စစ်ရေးအတွက် အသုံးပြုရန် မရည်ရွယ်ကြောင်း၊ တရုတ်၏ နယ်စွန်နယ်ဖျား အခြေစိုက်စခန်းများသည် မည်သည့်နိုင်ငံကိုမှ ပစ်မှတ်ထားခြင်း၊ ထိခိုက်စေခြင်း ရှိမည်မဟုတ်ကြောင်း ပြောခဲ့သည်။

သို့သော် တရုတ်နိုင်ငံသည် နယ်စွန်နယ်ဖျား အခြေစိုက်စခန်းများတွင် အဆင်အခြင် ကင်းစွာ၊ ရန်စသော စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ ယင်းအခြေစိုက်စခန်းများတွင် သင်္ဘောဖျက် ဒုံးကျည်များ ဖြန့်ကြက်ချထားခြင်း၊ စစ်သုံးရေဒါစနစ်များ တိုးချဲ့ကာ အချက်ပြ ထောက်လှမ်းရေး ကိရိယာများ တပ်ဆင်ခြင်း၊ ဂျက်တိုက်လေယာဉ်ရုံများ ဒါဇင်နှင့်ချီ တည်ဆောက်ခြင်း၊ တိုက်ခိုက်ရေးလေယာဉ် ဆင်းသက်နိုင်သည့် ပြေးလမ်းတည်ဆောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဂျော်ဂျီယာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် စစ်အခြေစိုက်စခန်းများကို အသုံးပြုကာ ရေကြောင်းဥပဒေကို မလိုက်နာဘဲ ရေပြင်ကို ထိန်းချုပ်ပြီး အနိုင့်အထက် ပြုလုပ်နေသည်ဟု အမေရိကန် သံရုံး၏ ပြောခွင့်ရသူ မော်ဂန် အော်တာဂတ်စ်က ပြောသည်။

ရာနှင့်ချီသော တရုတ်စစ်သင်္ဘောများနှင့် တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောများသည် အရပ်ဘက် ရေယာဉ်များကို အနှောင့်အယှက်ပေးနေပြီး တရားဥပဒေစိုးမိုးရေး လုပ်ဆောင်မှုများကို အဟန့်အတား ဖြစ်စေ‌ကြောင်းလည်း မစ္စတာ မော်ဂန်က ထုတ်ပြန်ချက်တွင် ပြောထားသည်။

တရုတ်ကွန်မြူနစ်ပါတီသည် ကိုယ့်စကားကိုယ် တာဝန်ယူမှု မရှိကြောင်း၊ ပြီးခဲ့သည့် လများအတွင်းက တောင်တရုတ် ပင်လယ်အတွင်း တရုတ်၏ ဥပဒေနှင့် မညီသော ရေကြောင်းကိစ္စများအတွက် ကုလသမဂ္ဂတွင် ဆန့်ကျင်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောကြားကြသည့် နိုင်ငံအရေအတွက် မကြုံစဖူး များလာကြောင်းလည်း သံရုံးက ဆိုသည်။

ထို့ကြောင့် လက်ခံနိုင်ဖွယ်မရှိသော၊ အန္တရာယ်များသော တရုတ်နိုင်ငံ၏ အပြုအမှုများကို ဆက်လက် ဆန့်ကျင်ကြရန်၊ တရုတ်ကွန်မြူနစ်ပါတီအနေဖြင့် တာဝန်ခံမှုရှိကြောင်း ရှင်းရှင်းလင်းလင်း ရှိစေရန် နိုင်ငံတကာ အသိုင်းအဝိုင်းကို အမေရိကန်သံရုံးက တိုက်တွန်းထားသည်။

တောင်တရုတ်ပင်လယ်အတွင်း ဗိုလ်ကျစိုးမိုးရေး လုပ်ဆောင်နေသည့် တရုတ်ကို ဆန့်ကျင်မှုတွင် ပူးပေါင်းပါဝင်ရန်၊ အရှေ့တောင်အာရှ မဟာမိတ်များနှင့် အတူရပ်တည်ရန် အမေရိကန် ပြည်ထောင်စုက ဆက်လက် လုပ်ဆောင်မည်ဟုလည်း ဂျော်ဂျီယာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။  

တောင်တရုတ် ပင်လယ်အတွင်းရှိ Spratly ကျွန်းစုနှင့် ပတ်သက်၍ တရုတ်၊ ထိုင်ဝမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် ဘရူနိုင်းနိုင်ငံတို့အကြား အငြင်းပွားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly