ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဝင်ထွက်သွားလာမှုများကို စိစစ်ကြပ်မတ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဝင်ထွက်သွားလာမှုများကို စိစစ်ကြပ်မတ်
ဓာတ်ပုံ - ဖူးအိအိနွယ်

ရန်ကုန်၊ စက်တင်ဘာလ ၂၇

အစိုးရက ကိုဗစ်ရောဂါ ကူးစက်ဖြစ်ပွားမှု လျှော့ချနိုင်ရေး မလိုအပ်ဘဲ အိမ်အပြင်ထွက် သွားလာမှုကို တင်းကြပ်စွာ ကန့်သတ်လိုက်သည့် Semi-Lockdown ပြုလုပ်ထားချိန် ရန်ကုန်တိုင်းဒေသကြီးအတွင်း တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ဝင်ထွက်သွားလာမှုများကို စိစစ်ကြပ်မတ်နေကြောင်း သိရသည်။

မြို့နယ်အတွင်း လမ်းမကြီးများ၌ သွားလာနေသော ကားများ၊ ယာဉ်များ၏ ဝင်ထွက်သွားလာမှုများကို စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စိစစ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ မြို့ထဲကို အရေးကြီးငယ် မရှိတဲ့လူတွေအနေနဲ့ ဝင်ထွက်သွားလာမှုကို တတ်နိုင်သရွေ့ မဖြစ်စေချင်လို့ ကျွန်တော်တို့ ဆောင်ရွက်ခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုကို ထိန်းသိမ်းဆောင်ရွက်ရာ၌ အမိန့်ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ဆောင်ရွက်စေရေးအတွက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရန်၊ တစ်မြို့နယ်မှ တစ်မြို့နယ်သို့ ခွင့်ပြုချက်မရှိဘဲ သွားလာမှုမရှိစေရန် လုံခြုံရေး ကင်းလှည့်စစ်ဆေးရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ရန်ဟု ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ စက်တင်ဘာ ၂၁ ရက် နေ့စွဲဖြင့် အကြောင်းကြားစာတွင် ပါရှိသည်။

မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း မရှိစေရန်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း အကာအကွယ်များ ဆောင်ရွက်ရန်နှင့် နေအိမ်တွင်သာ နေကြရန် Stay at Home အမိန့်ညွှန်ကြားချက်အတိုင်း အတိအကျ လိုက်နာစေရန် မေတ္တာရပ်ခံ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဌာနဆိုင်ရာနှင့် ပူးပေါင်းလိုက်နာဆောင်ရွက်မှု မရှိပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကိုထွန်းက ပြောသည်။

“အဓိကကတော့ ကျွန်တော်တို့က ကျန်းမာရေးကိစ္စလည်း မဟုတ်ဘူး၊ အပေါ်က ခွင့်ပြုထားတဲ့ အစားအသောက် ပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ဝန်ထမ်းတွေ မဟုတ်ဘူး၊ ဘာအကြောင်းပြချက်မှလည်း မရှိဘူး၊ လူဦးရေလည်း လိုအပ်တဲ့ဦးရေထက် ပိုပြီးတော့ ကားတစ်စီးတည်းမှာ လေး၊ ငါးယောက်၊ အဲ့ဒီလိုတွေ လိုက်တယ်။ နောက် ကျွန်တော်တို့ မြို့ခံလည်း မဟုတ်ဘူးဆိုရင် ပြန်လွှတ်တာတော့ မဟုတ်ပါဘူး။ သူတို့ကို မိမိနေအိမ်ကို ပြန်ပြီးတော့ Stay at Home အစီအစဉ်အတိုင်း လိုက်နာဆောင်ရွက်ဖို့ မေတ္တာရပ်ခံတာပါ” ဟု သူက ဆက်ပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် တစ်မြို့နယ်နှင့် တစ်မြို့နယ်ကြား ကွာခြားမှု အချို့ရှိနေသည်။ အချို့မြို့နယ်များတွင် သွားလာနေသော တက္ကစီများ၊ ကိုယ်ပိုင်ကားများ အပါအဝင် ယာဉ်များတွင် စစ်ဆေးခြင်းဖြစ်ပြီး အချို့မြို့နယ်များတွင် အများပြည်သူ စီးနင်းသော YBS ဘတ်စ်ကားပေါ်က ခရီးသည်များကိုပါ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကူးစက်ဖြစ်ပွားမှု မြင့်တက်နေသည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုကိုးကျွန်း တစ်မြို့နယ်မှလွဲပြီး ကျန်မြို့နယ်အားလုံးတွင် အိမ်ပြင်ထွက် သွားလာမှုကို တင်းကြပ်ကန့်သတ်လိုက်သည့် Semi-Lockdown ပြုလုပ်ထားခဲ့သည်မှာ စက်တင်ဘာလ ၂၇ ရက်နေ့တွင် သီတင်း တစ်ပတ်ပြည့်ပြီဖြစ်သော်လည်း ကူးစက်ဖြစ်ပွားမှု ဆက်လက်မြင့်တက်နေဆဲ ဖြစ်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ကူးစက်ခံရသူ ၉၉၉၁ ဦးနှင့် သေဆုံးသူ ၁၉၈ ဦးရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်ခံရသူအပြင် သေဆုံးသူပါ အများဆုံးဖြစ်နေသည်။

အနည်းဆုံး သီတင်းပတ်နှစ်ပတ်ကြာမှသာ Stay at Home ပြုလုပ်ခဲ့ခြင်း၏ အကျိုးရလဒ်ကို သိနိုင်မည်ဖြစ်သည့်အတွက် စည်းကမ်းလိုက်နာကြရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Stay at Home အမိန့်အရ မရှိမဖြစ်သော လုပ်ငန်းအတွက် ခွင့်ပြုထားသူများမှလွဲ၍ ကျန်ပြည်သူများအားလုံး အိမ်မှသာ အလုပ်လုပ်ကြရန်၊ မဖြစ်မနေ ဈေးဝယ်ရန် တစ်ဦးနှင့် ယာဉ်မောင်းပါလျှင် နှစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်ရန် တစ်အိမ်လျှင် နှစ်ဦးနှင့် ယာဉ်မောင်းပါလျှင် သုံးဦး၊ တာဝန်ထမ်းဆောင်ရန် သွားလာမည့်သူများသာ ရပ်ကွက်ကျော်လွန် သွားလာခွင့်ပြုရန်နှင့် အခြားအရေးပေါ်ကိစ္စရှိလျှင် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက် ပါရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly