ကားဂိုထောင် ရှင်းရင်း တွေ့သည့် လက်ဖက်ရည်ကရားကို ဒေါ်လာ ၅၀၀၀၀၀ နီးပါးဖြင့် လေလံတင်ရောင်းချ

By UPI
26 September 2020
ကားဂိုထောင် ရှင်းရင်း တွေ့သည့် လက်ဖက်ရည်ကရားကို ဒေါ်လာ ၅၀၀၀၀၀ နီးပါးဖြင့် လေလံတင်ရောင်းချ

 စက်တင်ဘာ ၂၆

ဗြိတိန်နိုင်ငံက အမျိုးသားတစ်ဦးသည် မိသားစုပိုင် ပစ္စည်းဟောင်းများ ထားရှိထားသည့် ကားဂိုထောင်ကို ရှင်းလင်းရာမှ တွေ့ရှိခဲ့သော လက်ဖက်ရည်ကရားအိုးငယ်ကို အမေရိကန်ဒေါ်လာ ငါးသိန်းနီးပါးဖြင့် လေလံတင် ရောင်းချလိုက်နိုင်သည်။ 

ထို တွေ့ရှိသော လက်ဖက်ရည်ကရားအိုးငယ်မှာ အစပထမ၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများမှ မရှိဆင်းရဲသားများအတွက် ရန်ပုံငွေရှာသော အဟောင်းဆိုင်သို့ ရောက်ရှိဖြစ်ဖို့ ရှိခဲ့ရာမှ လေလံတင် ရောင်းချသည့်အဖြစ်သို့ ရောက်ပြီး အဆိုပါ အမျိုးသားမှာ ဒေါ်လာ ငါးသိန်းနီးပါး ရရှိသွားခြင်း ဖြစ်သည်။ 

အင်္ဂလန်၊ ဘာဘိုင်ရှိုင်းယားရှိ မိသားစုပိုင် ကားဂိုထောင်မှ သေတ္တာများကို အမည်မဖော်သော အသက် ၅၁ နှစ်အရွယ် ရောင်းချသူက ရှင်းလင်းရေး လုပ်ဆောင်ရာမှ အဆိုပါ လက်ဖက်ရည်ကရားအိုးငယ်ကို တွေ့ရှိခြင်း ဖြစ်သည်။ ထို ကရားအိုးလေးကို ၎င်း ကလေးဘဝနေအိမ်၌ သူ့ မိခင်ဖြစ်သူက အလှပြထားရှိခဲ့သည့် ကရားအိုးငယ်ဖြစ်သည်ဟု Hansons လေလံရုံးမှ တာဝန်ရှိသူများက ပြေသည်။ 

“ဒီ ကရားအိုးလေးဟာ ဒုတိယကမ္ဘာစစ်အတွင်း အရှေ့စွန်ဖျားဒေသမှာ တာဝန်ကျခဲ့တဲ့ ကျွန်တော်အဘိုးက အင်္ဂလန်ဆီ ပြန်ရောက်လာခဲ့ရာမှာ ပါလာခဲ့တာ ဖြစ်မယ်လို့ ကျွန်တော်တို့ ထင်တယ်။ ကျွန်တော့် အဘိုးဟာ ဘားမားကြယ်ပွင့် ဆုတံဆိပ်ရ စစ်ပြန်ဟောင်းပါ။”ဟု အဆိုပါ ရောင်းချသူက ပြောသည်။ 

ထို ကရားအိုးငယ်ကို ဘုရားကျောင်းရန်ပုံငွေရှာ အဟောင်းဆိုင်သို့ လှူဒါန်းခါနီးအထိ ဖြစ်ခဲ့ပြီးမှ ယင်း ကရားအိုးကို တန်ဖိုးတွက်ချက်ရန် ၎င်းက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအခါတွင်မှ ယင်း ကရားအိုးမှ ၁၈ ရာစု တရုတ် ကျင်းလုံမင်းဆက်လက်ထက်၌ ဝိုင်အရက်အိုးအဖြစ် အသုံးပြုခဲ့ဖွယ်ရှိသော ကရားအိုးဖြစ်သည်ဟု အံ့အားသင့်စဖွယ် သိရှိရခြင်း ဖြစ်သည်။ 

ယခု ကရားအိုးနှင့် ထပ်တူနီးပါး တူသော ကရားအိုး နှစ်အိုးသာ ရှိထားသည်ဟု သိထားပြီး ၎င်းတို့မှ တရုတ်နှင့် ဟောင်ကောင်က ပြတိုက်များတွင် ပြသထားသည်ဟု လေလံရုံးက ဆိုသည်။ 

ယင်း အိုးကို ဒေါ်လာ ငါးသောင်းဖြင့် ရောင်းထွက်ရန် မျှော်လင့်ထားခဲ့သော်လည်း လေလံပေးဈေး မြင့်တက်ပြီး ဒေါ်လာ ၄၉၅၈၈၀ ဒသမ ၃၂ ဒေါ်လာဖြင့် နောက်ဆုံး လေလံရခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော် ပျော်မြူးရတယ်။ ဒါက ကျွန်တော်တို့ ဘဝကို ပြောင်းလဲမှုလေးတွေ ဖော်ဆောင်ပေးလာတော့မယ်။ လေလံတိုက်ရိုက်လွှင့်တာကို ကျွန်တော်ဟာ ကျွန်တော်အစ်ကိုရယ်၊ မိသားစုရယ်နဲ့ အိမ်ကနေ ထိုင်ကြည့်နေတာ ဖြစ်တယ်။”ဟု လေလံပွဲအပြီး ရောင်းချသူက ပြောသည်။ “ကြည့်နေတုန်းတော့ စိတ်မောရတယ်။ ကျွန်တော်က ဘီယာဘူး နည်းနည်းဝယ်ထားပြီး ထိုင်ကြည့်နေတာပါ။ ခု ဒီညတော့ ကျွန်တော်တို့ ထွက်သောက်ကြမယ်။ အဘိုးကိုလည်း ဆုတောင်းပေးကြမယ်။”ဟု ရောင်းချသူက ပြောသည်။ 

ထို ကရားအိုးငယ်ကို ကမ္ဘာအနှံ့က လေလံပစ်သူ ရှစ်ဦးကြားတွင် အပြိုင်အဆိုင် ဈေးပေးကြရာမှ ဈေးမြင့်တက်လာခြင်းဖြစ်ကာ နောက်ဆုံးတွင် လန်ဒန်မှ ဝယ်ယူသူက လေလံအောင်သွားခဲ့ခြင်း ဖြစ်သည်ဟု လေလံပစ်သူ ချားလ်ဟန်ဆန်က ပြောသည်။ 

“ကျွန်တော် ရောင်းဖူးသမျှမှာ ဒီတစ်ခုကတော့ အရမ်းကို အရေးပါတာတွေထဲက တစ်ခုပါပဲ။”ဟု ၎င်းက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly