PACE အဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ စေတနာ့ဝန်ထမ်း ၂ဝဝဝ ခန့် ခေါ်ယူမည်

PACE အဖွဲ့က ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ စေတနာ့ဝန်ထမ်း ၂ဝဝဝ ခန့် ခေါ်ယူမည်

ရန်ကုန်၊ စက်တင်ဘာ ၂၅

လာမည့် ၂၀၂ဝ ရွေးကောက်ပွဲအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ရှိသည့် မဲရုံများတွင် စောင့်ကြည့်လေ့လာရန် စေတနာ့ဝန်ထမ်း ၂ဝဝဝ ခန့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) က ခေါ်ယူသွားမည်ဟု သိရသည်။

စောင့်ကြည့်လေ့လာသူ စေတနာ့ဝန်ထမ်းများသည် မဲရုံစဖွင့်သည့်အချိန်မှ စ၍ မဲရေတွက်မှုပြီးဆုံးသည့် အချိန်အထိ တစ်နေ့လုံး စောင့်ကြည့်ရမည်ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အစီရင်ခံစာထုတ်ပြန်သွားမည်ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့မှ ရန်ကုန်တိုင်းညှိနှိုင်းရေးမှူး ကိုသွေးသန့်အောင်ကပြောသည်။

“မဲရုံဖွင့်ချိန်ကစပြီး မဲပေးတာ၊ မဲရုံပိတ်တာ၊ မဲရေတွက်ပြီး မဲရလဒ်ထုတ်ပြန်တာစတဲ့ ရွေးကောက်ပွဲနေ့လုပ်ငန်းစဉ်တွေကို အစအဆုံးစောင့်ကြည့်လေ့လာပါတယ်။ မဲရုံတစ်ခုချင်းစီရဲ့ အကောင်း၊ အဆိုးကို  ပြောတာမျိုး မဟုတ် ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အချက်အလက်တွေကို ဆန်းစစ်လေ့လာမှု လုပ်ပြီးတော့မှ ရွေးကောက်ပွဲနေ့ရဲ့ အခြေအနေကို အစီရင်ခံစာထုတ်ပြန်ပါတယ်။

ရာခိုင်နှုန်းနဲ့ ထုတ်တာဖြစ်တဲ့အတွက် တစ်နိုင်ငံလုံးမှာ စောင့်ကြည့်တယ်၊  ရာခိုင်နှုန်းနဲ့ပဲ ပြတာဖြစ်တဲ့အတွက် ရာခိုင်နှုန်းနဲ့ အစီရင်ခံစာမှာ ထွက်လာမှာပါ” ဟု ရန်ကုန်တိုင်း ညှိနှိုင်းရေးမှူး ကိုသွေးသန့်အောင်က ဆိုသည်။
ရွေးကောက်ပွဲတွင် စောင့်ကြည့်လေ့လာရန် လျှောက်ထားမည့်သူများသည် အသက် ၁၈ နှစ် ပြည့်ပြီးသူ၊ ပါတီနိုင်ငံရေး ကင်းရှင်းသူ၊ ဘက်လိုက်မှုမရှိသူ ဖြစ်ရမည်ဟု PACE အဖွဲ့က ထုတ်ပြန်ထားသည်။

လာမည့် အောက်တိုဘာ ၅ ရက်နေ့ မတိုင်ခင် လျှောက်ထားရမည် ဖြစ်ပြီး ဒေသအလိုက် ကျပန်းရွေးချယ်ထားသည့် မဲရုံများနှင့် နီးစပ်သူများကို ရွေးချယ်နိုင်ရန် စီစဉ်သွားမည်ဟု PACE အဖွဲ့က ဆိုသည်။

စေတနာ့ဝန်ထမ်း စောင့်ကြည့်မည့်သူများအတွက် သွားလာစားသောက်စရိတ်၊ ဆက်သွယ်ရေးစရိတ်များအပြင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်း၊ လက်အိတ်၊ လက်ဆေးရည်နှင့် ကျန်းမာရေးအာမခံကို လည်း PACE အဖွဲ့က ထောက်ပံ့ပေးမည် ဖြစ်သည်။

စောင့်ကြည့်လေ့လာမည့် စေတနာ့ဝန်ထမ်းများကို စောင့်ကြည့်လေ့လာရမည့်နည်းလမ်း၊ စောင့်ကြည့်ရမည့် အချက်အလက်များကို ရွေးကောက်ပွဲမတိုင်မီ အွန်လိုင်းမှတစ်ဆင့် သင်တန်းပေးသွားမည်ဟု သိရသည်။

PACE အဖွဲ့သည် အသင်း၊ အဖွဲ့ မှတ်ပုံတင်ထားခြင်း မရှိသောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခွင့်ကို ပိတ်ပင်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်နေ့တွင် အရပ်ဖက်အဖွဲ့အစည်း ၄ဝ၀ ကျော်၏ တောင်းဆိုမှုအရ ပြန်ခွင့်ပြုပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly