အီသီယိုးပီးယားအဆိုတော် သေဆုံးမှုကြောင့်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လူ ၂ ၀၀၀ ခန့် စွဲချက်တင်ခံရ

By AFP
25 September 2020
အီသီယိုးပီးယားအဆိုတော် သေဆုံးမှုကြောင့်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး လူ ၂ ၀၀၀ ခန့် စွဲချက်တင်ခံရ

စက်တင်ဘာ ၂၅

အီသီယိုးပီးယားနိုင်ငံမှာ အိုရိုမိုမျိုးနွယ်စု ပေါ့ပ်အဆိုတော် ဟာချာလူ ဟန်ဒက်ဆာဟာ ဇွန်လတုန်းက အသတ်ခံရပြီးတဲ့နောက် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး တရားစွဲဆိုခံထားရသူ ၂ ၀၀၀ ဝန်းကျင်ရှိတယ်လို့ ရှေ့နေ့ချုပ် ဂစ်ဒီယန် တီမိုသီဝေါ့စ် က စက်တင်ဘာ ၂၄ မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

အိုရိုမိုမျိုးနွယ်စုတွေရဲ့ အပစ်ပယ်ခံရတဲ့ခံစားချက်ကို ဖော်ကျူးတဲ့သီချင်းတွေသီဆိုတဲ့ ဟာချာလူဟာ ဇွန်လ ၂၉ ရက်တုန်းက သေနတ်သမားတွေရဲ့ပစ်သတ်တာကို ခံခဲ့ရပြီးတဲ့နောက် မျိုးနွယ်စုတွေအကြား တိုက်ခိုက်မှု ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ရဲတွေ၊ စစ်သားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ကြပါတယ်။

သတင်းထောက်တွေနဲ့ ထင်ရှားတဲ့ အတိုက်အခံနိုင်ငံရေးသမားတွေအပါအဝင် လူပေါင်း ၉ ၀၀၀ ထက်မနည်း အစုလိုက်အပြုံလိုက် အဖမ်းခံခဲ့ကြရပြီး မနှစ်ကငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်တဲ့ ဝန်ကြီးချုပ် အာဘီအာမက် အပေါ် ဝေဖန်မှုတွေ မြင့်တက်စေခဲ့ပါတယ်။

ဝန်ကြီးချုပ်ရဲ့ရုံးမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ရှေ့နေချုပ် ဂစ်ဒီယန် တီမိုသီဝေါ့စ်က “အိုရိုမီယာဒေသမှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့မှုတွေအတွက် သံသယရှိသူ ၂ ၀၀၀ လောက် စွဲချက်တင်ခံထားရပါတယ်။ တရားစွဲဆိုခံရသူတချို့က နိုင်ငံရေးသမားတွေဖြစ်ပေမယ့် သူတို့က နိုင်ငံရေးလှုပ်ရှားမှုအတွက်မဟုတ်ဘဲ အကြမ်းဖက်လုပ်ရပ်တွေအတွက် စွဲချက်တင်ခံရတာဖြစ်ပါတယ်” လို့ပြောခဲ့ပါတယ်။

အမှုရင်ဆိုင်ရမယ့် အထင်ရှားဆုံးအတိုက်အခံနိုင်ငံရေးသမားတွေထဲမှာ တစ်ချိန်က ဝန်ကြီးချုပ် အာဘီရဲ့ မဟာမိတ်လို့ သတ်မှတ်ခံခဲ့ရတဲ့ မီဒီယာလုပ်ငန်းရှင် ဂျဝါမိုဟာမက် လည်း ပါဝင်ပါတယ်။ ဂျဝါကိုတော့ အကြမ်းဖက်မှု လှုံ့ဆော်မှုအပါအဝင် ရာဇဝတ်မှုများစွာနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က ဂျဝါမိုဟာမက် တရားရုံးကိုရောက်ရှိလာချိန်မှာတော့ သူ့ကို ခုလိုတရားစွဲဆိုတာဟာ လာမယ့်နှစ်ရွေးကောက်ပွဲမတိုင်မီ ဝန်ကြီး ချုပ် အာဘီရဲ့ပြိုင်ဘက်တွေကို ဖယ်ရှားတဲ့အကြံအစည်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ရှုတ်ချပြောဆိုခဲ့ပါတယ်။

အီသီယိုးပီးယားဝန်ကြီးချုပ်ရုံး ပြန်ကြားရေးဆိုင်ရာအတွင်းရေးမှူး ဘီလီနီဆေရွမ် ဝိုဒီယက်စ်က ဖမ်းဆီးမှုတွေ တရားစွဲဆိုမှုတွေနဲ့ပတ်သက်ပြီး လာမယ့်ရွေးကောက်ပွဲရဲ့ ယုံကြည်စိတ်ချရမှုအပေါ် သံသယမဖြစ်သင့်ဘူးလို့ ပြောဆိုခဲ့ပြီး ရွေးကောက်ပွဲတွေကို လွတ်လွတ်လပ်လပ်နဲ့ တရားမျှတစွာ ကျင်းပသွားမယ်လို့ ပြောပါတယ်။

ဟာချာလူသေဆုံးမှုကြောင့်ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်သောင်းကျန်းမှုတွေမှာ လူပေါင်း ၁၆၀ ထက်မနည်းသေဆုံးခဲ့ပြီး ၃၆၀ လောက်ဒဏ်ရာရရှိခဲ့တယ်လို့ ရှေ့နေချုပ်ဂစ်ဒီယန်ကပြောပါတယ်။

တာဝန်ရှိသူတွေကတော့ သေဆုံးသူဟာ ၂၃၉ ဦးအထိရှိတယ်လို့ မကြာသေးခင်ကပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly