ရွေးကောက်ပွဲမတိုင်ခင် ထိန်းချုပ်ကန့်သတ်မှု အသေးစိတ်ကို Facebook ထုတ်ပြန်

ရွေးကောက်ပွဲမတိုင်ခင် ထိန်းချုပ်ကန့်သတ်မှု အသေးစိတ်ကို Facebook ထုတ်ပြန်

စက်တင်ဘာ ၂၄၊ ၂၀၂၀

Facebook လူမှုကွန်ရက်က ပြီးခဲ့သည့် ဩဂုတ်လတွင် မြန်မာ့ နိုင်ဝင်ဘာ ရွေးကောက်ပွဲ မတိုင်ခင် မလိုလားအပ်သည်များကို ထိန်းချုပ်ကန့်သတ်ရန် ပြင်ဆင်နေကြောင်း ကြေညာခဲ့ပြီးနောက် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ပြင်ဆင်ထားမှု အသေးစိတ်ကို ထုတ်ပြန်လိုက်သည်။

မြန်မာ့ရွေးကောက်ပွဲမတိုင်ခင် အမုန်းစကားများ မပြန့်ပွားရေး၊ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုများကို ဖယ်ရှားရေး၊ သတင်းမှားများ မပြန့်ရေးတို့အတွက် ပြင်ဆင်ထားမှုတွင် အမုန်းစကားဆန်သော ပို့စ်များကို လျှော့ချခြင်း၊ စည်းကမ်းချိုးဖောက်သည့် အကြောင်းအရာများ ထပ်ဖြန့်မှုကို လျှော့ချရေး ပိုမိုတိုးတက်အောင် လုပ်ဆောင်ခြင်း၊ သတင်းမှားများကို စိစစ်ပြီး မြန်မာဘာသာဖြင့် သတိပေးခြင်း၊ ခိုင်မာယုံကြည်ရသော မဲပေးမှုဆိုင်ရာ သတင်းအချက်အလက်များအား လမ်းညွှန်ပေးခြင်း၊ မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အကြောင်း တတ်သိနားလည်ရေး (Digital literacy) သင်တန်းပေးခြင်းတို့ ပါဝင်သည်။

ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်မူများကို Facebook က လိုက်နာပြီး မြန်မာ့ရွေးကောက်ပွဲကာလ၊ မုန်းတီးမှုများ များလာမည့် အခြေအနေ၊ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်ဖွယ်ရှိသည့် ပြဿနာရှိသော အကြောင်းအရာများကို လျှော့ချမည်ဟု Facebook ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ အကြောင်းအရာများသည် မူဝါဒကို ချိုးဖောက်သည်ဟု ဆုံးဖြတ်ပါက ဖယ်ရှားမည်ဖြစ်သော်လည်း မဆုံးဖြတ်နိုင်သေးခင် ပြန့်ပွားမှုကို လျှော့ချထားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် အမုန်းစကားနှင့် ဆက်နွယ်သည့် စကားလုံးနှင့် စကားစု အသစ်များကို နည်းပညာဖြင့် ရှာဖွေနိုင်ရန် Facebook က လုပ်ဆောင်နေသည်။ ထို့အပြင် တားမြစ်ရမည့် မြန်မာစကားလုံးနှင့် စကားစုများ စာရင်းကိုလည်း Facebook က အမြဲတမ်း ပြင်ဆင်ဖြည့်စွက်နေကြောင်း သိရသည်။

Facebook က ချမှတ်ထားသည့် လိုက်နာရမည့် Community Standards ကို အကြိမ်ကြိမ် ချိုးဖောက်ပါက account ကို ဖယ်ရှားပစ်မည် ဖြစ်သည်။

သတင်းမှားများကို ကိုင်တွယ်နိုင်ရန် Facebook က International Fact-Checking Network လက်မှတ်ရ မြန်မာနိုင်ငံမှ အဖွဲ့သုံးဖွဲ့ဖြင့် လက်တွဲ အလုပ်လုပ်နေသည်။ သတင်းမှားများ ဖြန့်သည်ကို စိစစ်တွေ့ရှိပါက သတိပေးသည့်စနစ်ရှိရာ မြန်မာဘာသာဖြင့် သတိပေးမှုကိုလည်း တိုးချဲ့ဆောင်ရွက်မည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များအတွက် မဲစာရင်းစစ်ခြင်း၊ မဲပေးရမည့်အချိန်နှင့် နေရာတို့ သိရှိရေးအတွက် ယုံကြည်ရသော သတင်းရင်းမြစ်များ ရရှိအောင်လည်း Facebook က ကူညီမည်ဖြစ်သည်။ ယင်းအတွက် Union Election Commission, VoteMM နှင့် First Time Youth Voters for 2020 စာမျက်နှာများကို သုံးစွဲသူများ ပိုမိုလွယ်ကူစွာ ရောက်ရှိနိုင်ရန် လုပ်ဆောင်ပေးခြင်းလည်း ပါဝင်သည်။

ထို့အပြင် Facebook က မြန်မာနိုင်ငံတဝန်းတွင် အရပ်ဖက်အဖွဲ့အစည်းများကို သင်တန်းပေးမည် ဖြစ်ပြီး ဂျာနယ်လစ်များ လုံခြုံရေး၊ မီဒီယာနှင့် ဒစ်ဂျစ်တယ်အကြောင်း တတ်သိနားလည်ရေး၊ အချက်အလက် စစ်ဆေးခြင်း အစီအစဉ်တို့ ပါဝင်သည်။

ရိုဟင်ဂျာ (မူရင်း) မွတ်စလင်များနှင့် ပတ်သက်၍ အမုန်းစကား ပြန့်ပွားမှု၊ ဖိနှိပ်မှုများ ဖြစ်ပွားအောင် လှုံ့ဆော်မှုတို့တွင် Facebook ၌ တာဝန်ရှိသည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ အပါအဝင် လူ့အခွင့်အရေး အဖွဲ့များက စွပ်စွဲခဲ့ကြသည်။ မြန်မာနိုင်ငံ၌ ပဋိပက္ခဖြစ်အောင် လှုံဆော်မှုများတွင် Facebook ၏ ပလက်ဖောင်းကို အသုံးပြုနေမှုအပေါ် လုံလောက်အောင် တားဆီးနိုင်ခဲ့ခြင်း မရှိကြောင်း ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် Facebook က ဝန်ခံခဲ့သည်။

ဝေဖန်စွပ်စွဲမှုများ ထွက်ပေါ်ပြီးနောက် Facebook က တပ်မတော်၊ တပ်မတော်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဆက်စပ်နေသော account နှင့် page များ၊ အမုန်းစကား ဖြန့်နေသော account နှင့် page များကို ရာနှင့်ချီ၍ ဖယ်ရှားခဲ့သည်။

လှုမှုမီဒီယာ အချက်အလက်များကို စောင့်ကြည့်လေ့လာ ထုတ်ပြန်သည့် NapoleonCat.com ၏ စာရင်းဇယားများအရ မြန်မာနိုင်ငံတွင် Facebook သုံးစွဲသူမှာ ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လတွင် ၁၈ သန်းခွဲရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly