ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကံပွင့်ကာ ဒေါ်လာ ၇၀၀၀၀၀ ကျော် ထီဆုကြီး ပေါက်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကံပွင့်ကာ ဒေါ်လာ ၇၀၀၀၀၀ ကျော် ထီဆုကြီး ပေါက်

စက်တင်ဘာ ၂၄

ဩစတြေးလျနိုင်ငံက အမျိုးသမီးတစ်ဦးသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အပျော်ခရီးထွက်ခြင်းကို ပယ်ဖျက်လိုက်ရာမှ မမျှော်လင့်ဘဲ ကံထူးသွားခဲ့ပြီး ထီဆုငွေ အမေရိကန်ဒေါ်လာ ၇၀၀၀၀၀ ကျော် ထီပေါက်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့်သာ မဟုတ်ပါက စက်တင်ဘာ ၂၁ ရက်နှင့် ၂၃ ရက်တို့တွင် X Lotto ထီရုံမှ ဒေါ်လာ ၇၀၇၂၃၅ ထီလက်မှတ်ကို ထိုးဖြစ်မည်မဟုတ်သကဲ့သို့ ကံထူးကာ ထီပေါက်ခြင်းလည်း အလျဉ်းရှိလိမ့်မည် မဟုတ်ကြောင်း တောင်ပိုင်းဩစတြေးလျ၊ မောဖက်ဗေးအရပ်တွင် နေထိုင်သည့် ထီကံထူးသူ အမျိုးသမီးက ထီရုံသို့ ပြောသည်။

“အမှန်တော့ ကျွန်မတို့က ဥရောပဆီ ခရီးထွက်ဖို့ လက်မှတ်ကြိုတင်ဖြတ်ပြီးသားပါ။ အမှန်ဆို ခုချိန်မှာ အဲဒီမှာ ရောက်နေလိမ့်မှာ။”ဟု အဆိုပါ ထီပေါက်သူက ပြောသည်။ “ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် ကျွန်မတို့ ခရီးစဉ်ကို ဖျက်လိုက်တယ်။ ဥရောပမှာသာ ကျွန်မတို့ ရောက်နေခဲ့ရင် တစ်မျိုးတစ်ဖုံ ဖြစ်မှာပါ။ ဒီ ပေါက်ဂဏန်း ထီလက်မှတ်တွေကိုလည်း ထိုးဖြစ်လိမ့်မှာ မဟုတ်ဘူး။”ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ ကံပွင့်လာဘ်ပွင့်ကာ ထီဆုဆွတ်ခူးသည့်အတွက် အခြားအစီအစဉ်များ လုပ်ဆောင်ရန် သူနှင့် သူ့ ခင်ပွန်းတို့ ပြင်ဆင်နေသည်ဟုလည်း ၎င်းက ပြောသည်။

“ကျွန်မတို့ အိမ်ကို နည်းနည်းပါးပါး အလှဆင်မယ်။ ကျွန်မတို့ မိသားစုဆွေမျိုးတွေကို ကူညီပေးမယ်။ ကျွန်မ အခု အလုပ်လုပ်နေရဆဲ ဖြစ်ပေမယ့် သိပ်မကြာခင် အငြိမ်းစား ယူဖြစ်လောက်တယ်။ ရှေ့မှာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly