ဗီယက်နမ်မှာ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို ဖြိုခွင်းနေပေမယ့် သင်းခွေချပ်တွေရဲ့ အခြေအနေ မရေမရာဖြစ်ဆဲ

By AFP
24 September 2020
ဗီယက်နမ်မှာ တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုကို ဖြိုခွင်းနေပေမယ့် သင်းခွေချပ်တွေရဲ့ အခြေအနေ မရေမရာဖြစ်ဆဲ
Photo - AFP

စက်တင်ဘာ ၂၄

ဗီယက်နမ်နိုင်ငံမှာတော့ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုအပေါ် နှိမ်နင်းဖြိုခွင်းဖို့ တာဝန်ရှိသူတွေဘက်က ကြုံးဝါးလုပ်ဆောင်နေပေမယ့်လည်း ကမ္ဘာပေါ်မှာ တရားမဝင် ကုန်ကူးမှု အခံရဆုံး နို့တိုက်သတ္တဝါဖြစ်တဲ့ သင်းခွေချပ်တွေရဲ့ ဘဝလောကကတော့ မရေမရာအခြေအနေအောက်မှာ ဆက်ရှိနေဆဲဖြစ်ပါတယ်။ 

လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားမှုအတွက်ကိုလည်း ဒီ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုအပေါ်မှာ လူအများအပြားက အပြစ်တင်ထားခဲ့ကြပါတယ်။ 

ဗီယက်နမ်မှာတော့ တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုတွေနဲ့ပတ်သက်လို့ ဖမ်းဆီးမှုတွေ၊ တရားစွဲဆိုမှုတွေ၊ ကုန်ကူးခံ တောရိုင်းတိရစ္ဆာန်တွေကို သိမ်းယူထိန်းသိမ်းမှုတွေဟာ မြင့်တက်လာနေတယ်ဆိုပေမယ့်လည်း အကျင့်ပျက်ခြစားမှုနဲ့အတူ ဟာကွက်တွေ ရှိနေတဲ့ ဥပဒေ စိုးမိုးရေး လုပ်ဆောင်ချက်တွေကြောင့် တရားမဝင် ကုန်ကူးမှုရဲ့ အန္တရာယ်ဟာ ဆက်ရှိနေဆဲ ဆိုတာကို ပြသရာ ရောက်တယ်လို့ သဘာဝပတ်ဝန်းကျင်ချစ်မြတ်နိုးသူတွေက သတိပေးပါတယ်။ 

တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးဖြစ်တဲ့ ထရန် ဗန် ထရောင်ကတော့ ဗီယက်နမ် တောရိုင်းတိရစ္ဆာန် ကယ်တင်ရေးအဖွဲ့ (Save Vietnam’s Wildlife) က စီမံနေတဲ့ နိုင်ငံမြောက်ပိုင်း ချူဖူရောင် အမျိုးသားဥယျာဉ်က စင်တာတစ်ခုမှာ အလုပ်လုပ်ကိုင်နေသူဖြစ်ပါတယ်။  

Save Vietnam’s Wildlife အဖွဲ့ကတော့ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း “အကြေးခွံပါ ပုရွက်စား နို့တိုက်သတ္တဝါ” လို့ သိကြတဲ့ သင်းခွေချပ် အကောင်ပေါင်း ၂,၀၀၀ ဝန်းကျင်ကို ကယ်တင်ပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ 

တစ်ခါတုန်းက ရဲဖမ်းခံရတဲ့ ထရပ်ကားတစ်စီးပေါ်မှာ အိတ်တွေနဲ့ ထည့်ထားတဲ့ သင်းခွေချပ်တွေကို သူ ရှာတွေ့ခဲ့တဲ့ နေ့တစ်နေ့ကို အသက် ၂၇ နှစ်အရွယ် ထရောင်က ပြန်ပြောင်းပြောပြပါတယ်။ 

“အဲဒီတုန်းက သင်းခွေချပ် အတော်များများက မွန်းပြီး သေကုန်ကြပြီလေ၊  တကယ်တော့ သူတို့အတွက် အသက်ရှုဖို့ လေအပြင်၊ ရေပါ မရခဲ့ဘူးလေ” လို့ ၎င်းက ပြောပါတယ်။ 

ဗီယက်နမ်ကတော့ အာရှဒေသမှာ တရားမဝင် တောရိုင်းတိရစ္ဆာန်တွေအတွက် စားသောက်မှုသာမက သယ်ယူပို့ဆောင်မှု ဗဟိုချက် တစ်ခုပါ ဖြစ်လို့နေပါတယ်။ 

သင်းခွေချပ် အကြေးခွံဟာ တရုတ်နဲ့ ဗီယက်နမ် ရိုးရာ တိုင်းရင်းဆေးဝါးလုပ်ငန်းတွေမှာ ရောဂါဝေဒနာအချို့ကို ကုသနိုင်တယ်လို့ တလွဲ အထင်ရှိခဲ့ပါတယ်။ နောက်ပြီး ယင်းရဲ့ အသားဟာလည်း အရသာရှိတယ်လို့ ရှုမြင်ခံခဲ့ရပါတယ်။ 

ဒါပေမယ့် ယခုနှစ် အစောပိုင်းမှာတော့ တရုတ်ဟာ သင်းခွေချပ် အစိတ်အပိုင်းတွေကို ယင်းရဲ့ တရားဝင် တိုင်းရင်းဆေးဝါးများ စာရင်းထဲကနေ ဖယ်ရှားခဲ့ပြီးတဲ့နောက် ဗီယက်နမ်မှာလည်း အလားတူ တွန်းအားပေးတဲ့ လက္ခဏာရပ်တချို့ကလည်း ရှိနေပါတယ်။ 

၂၀၁၈ ခုနှစ်မှာ ဗီယက်နမ်မှာ ဥပဒေတစ်ရပ် ပြင်ဆင်ပြဋ္ဌာန်းမှုနဲ့အတူ ယင်းနိုင်ငံမှာ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုတွေအပေါ် ဖမ်းဆီး အရေးယူမှုတွေ မြင့်တက်လာခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ဥပဒေစိုးမိုးရေးပိုင်းက ကြီးမားတဲ့ ပြဿနာတစ်ခု အဖြစ် ဆက်ရှိနေဆဲဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဇူလိုင်လမှာ ကပ်ရောဂါ ပျံ့နှံ့မှာကို စိုးရိမ်တဲ့အတွက် ဗီယက်နမ်အစိုးရဟာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ တရားရုံးတွေ၊ အစိုးရရှေ့နေတွေကို ဥပဒေနဲ့အညီ သေချာ ကျင့်သုံးလုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ 

ဒါပေမယ့်လည်း အေဂျင်စီတွေကို ကိုက်ညီလိုအပ်တဲ့ အရင်းအမြစ်တွေ မရှိဘဲ အလုပ်ပိုလုပ်ခိုင်းတာက ကျရှုံးမှုကို ဖိတ်ခေါ်နေသလို ဖြစ်နေတယ်ဆိုပြီး သင်းခွေချပ်တွေနဲ့ တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှု မူဝါဒဆိုင်ရာ ကျွမ်းကျင်သူ အောက်စ်ဖို့ဒ် တက္ကသိုလ်မှ ဒန် ချယ်လန်ဒါက ပြောပါတယ်။ 

တာဝန်ရှိသူအများအပြားကတော့ ဒီ တရားမဝင် တောရိုင်းတိရစ္ဆာန် ကုန်သွယ်မှုကို အမြစ်ပြတ်အောင် ရှင်းလင်းမယ်လို့ ကတိပြုထားပေမယ့် တရားမဝင် ကုန်ကူးသူတွေကတော့ အလွယ်တကူ သက်ညှာခွင့်ရနေဆဲဖြစ်တယ်လို့ NGO အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ENV မှ ဟာဘွေကလည်း ပြောသွားခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly