စင်္ကာပူရောက် မြန်မာနိုင်ငံသားများ အောက်တိုဘာ ၁ ရက်မှစတင်၍ ကြိုတင်မဲပေးနိုင်ကြောင်း ထုတ်ပြန်

စင်္ကာပူရောက် မြန်မာနိုင်ငံသားများ အောက်တိုဘာ ၁ ရက်မှစတင်၍ ကြိုတင်မဲပေးနိုင်ကြောင်း ထုတ်ပြန်

စက်တင်ဘာ ၂၂   

စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေအနေဖြင့် အောက်တိုဘာ ၁ရက်မှ ၁၈ရက်နေ့ထိ ကြိုတင်မဲပေးလို့ရပြီဖြစ် ကြောင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက စက်တင်ဘာ ၂၂ရက်နေ့က ထုတ်ပြန်ခဲ့သည်။   

ကြိုတင်မဲပေးရာတွင် Barcode ပါQueue Appointment Confirmation Letter၊ မြန်မာနိုင်ငံကူးလက်မှတ် (မူရင်း)၊ စင်္ကာပူနိုင်ငံတွင် နေထိုင်ခွင့်ကတ် (မူရင်း)တို့ ယူဆောင်လာရမည်ဖြစ်ပြီး သတ်မှတ်ထားသည့် Social Distancing စည်းမျဉ်းစည်းကမ်းများနှင့်အညီ နံနက် ၉နာရီမှ ညနေ ၅နာရီခွဲအထိ မြန်မာသံရုံးတွင် လာရောက်မဲပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။   

“ကြိုတင်မဲဆန္ဒပေးရန်လာရောက်သူများအနေဖြင့် ခန္ဓာကိုယ်အပူချိန်တိုင်းစစ်ဆေးခြင်းခံယူရမည်ဖြစ်ပြီး ကိုယ်အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ထက်ကျော်လွန်သူများ သို့မဟုတ် စင်္ကာပူနိုင်ငံ အစိုးရ၏ COVID-19 ထိန်းချုပ် ကာကွယ်ရေးအစီအမံများကို လိုက်နာဆောင်ရွက်ခြင်းမရှိသူဖြစ်ပါက သံရုံးထဲသို့ ဝင်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း” ပါရှိသည်။   

စင်္ကာပူရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကိုဗစ်ကာလအတွင်း ကြိုတင်ဆန္ဒမဲပေးရန် စိတ်ဝင်စားသူ များပြားသော်လည်း အခက်အခဲအချို့ ရှိနေကြောင်း Myanmar Club (Singapore) ကအတွင်းရေးမှူး ဒေါ်မေကျော်စိုးညွှန့် က ပြောပါတယ်။   

“အခက်အခဲတွေဆိုတာ အများစုက Domitory (အဆောင်)ထဲမှာနေရပါတယ်။ အဲ့မှာနေရတဲ့အတွက် ပြဿနာကဘာလဲဆို တော့ အပြင်ထွက်ချင်တိုင်းထွက်လို့မရဘူး။ အစိုးရက Domitory ကို ပိတ်ထားတယ်။ ကိုဗစ်ဖြစ် တာက အဲ့ထဲမှာ အဖြစ်များဆုံးမို့ ဒီအလုပ်သမားတွေအကုန်လုံး တစ်စုထဲထားထားတဲ့နေရာမို့ အကုန်အပြင်ထွက်ခွင့်မရှိဘူး။ ခုမဲပေးရင်လည်း အဲ့ပြဿနာလာဦးမှာ။ မဲဘယ်လောက်ပေးချင်ချင် အပြင်ထွက်ခွင့်မရဘူး။ စင်္ကာပူအစိုးရက အသိအမှတ်မပြုပေးရင် ဘာပဲလုပ်ထား လုပ်ထား မဲပေးဖို့ကို အခက်အခဲအတော်လေးကြုံရဦးမှာပါ”  ဟုဒေါ်မေကျော်စိုးညွှန့်က ပြောသည်။   

COVID-19  ကပ်ရောဂါကာလအတွင်း မလိုလားအပ်သည့် လူအချင်းချင်းထိတွေ့မှု နှင့် လူစုလူဝေးဖြစ်ပေါ်မှုကို ရှောင်ရှားရန်အတွက် စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှိရာ လမ်းအတွင်း အစားအသောက် ဝေငှခြင်းများ မပြုလုပ်ကြရန် သံရုံးက မေတ္တာရပ်ခံထားသည်။

စင်္ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်မဲဆန္ဒပေးရန် ပုံစံ ၁၅ တောင်းခံထားသူ(၃၆၀၀၀)ကျော်ရှိကြောင်း စင်္ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly