မြန်မာတပ်များ နယ်စပ်တွင် လှုပ်ရှားနေမှု အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ်က ကုလ လုံခြုံရေးကောင်စီကို စာပေးပို့    

မြန်မာတပ်များ နယ်စပ်တွင် လှုပ်ရှားနေမှု အရေးယူပေးရန် ဘင်္ဂလားဒေ့ရှ်က ကုလ လုံခြုံရေးကောင်စီကို စာပေးပို့    

စက်တင်ဘာ ၂၂၊ ၂၀၂၀

မြန်မာနိုင်ငံဘက်က ရိုဟင်ဂျာများ (မူရင်း) ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထပ်မံထွက်ပြေးမှု မဖြစ်ပေါ်စေရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် တပ်မတော်၏ စစ်ရေးလှုပ်ရှားမှုများ မလုပ်ဆောင်ရန် ဘင်္ဂလားဒေ့ရှ်အစိုးရက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အလျှင်အမြန် အရေးယူဆောင်ရွက်ပေးမှုကို တောင်းဆိုလိုက်သည်။

နယ်စပ်တလျှောက် တပ်မတော်စစ်ကြောင်းများ လှုပ်ရှားနေမှုအပေါ် အလွန်စိုးရိမ်ကြောင်း အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ဘင်္ဂလားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) ဥက္ကဋ္ဌထံ သံတမန် သတိထောက်လွှာကို စက်တင်ဘာလ ၁၅ ရက်နေ့က ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရသည်။

UNSC ထံ ပေးပို့သည့် ဘင်္ဂလားဒေ့ရှ် အမြဲတမ်း ကိုယ်စားလှယ်အဖွဲ့၏ သတိထောက်လွှာတွင် စက်တင်ဘာလ ၁၀ ရက်နေ့က တပ်မတော် ရေတပ် သယ်ပို့ရေယာဉ် လေးစီး အင်းဒင်ရွာအနီး ကမ်းခြေတွင် ကျောက်ချထားမှု၊ ညဘက်တွင် တပ်ဖွဲ့ဝင်များကို အရပ်သား ငါးဖမ်းလှေ ၂၀ ဖြင့် သယ်ဆောင်ကာ နတ်မြစ်တလျှောက် တပ်ချထားမှု၊ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းက တပ်မတော် တပ်ဖွဲ့ဝင် ၁၀၀၀ ခန့်ကို ကညင်ချောင်း၊ မင်္ဂလာကြီးနှင့် ငါးခူရ အပါအဝင် နေရာများ၌ တပ်ဖြန့်ချထားမှုများ ပါဝင်သည်။

ထို့အပြင် တပ်မတော်တပ်ဖွဲ့တစ်ခု တပ်ချလှုပ်ရှားမှုက နိုင်ငံတကာ နယ်စပ်မျဉ်းကြောင်းနှင့် ပေ ၆၅၀ အကွာအထိ နီးကပ်စွာ ရှိနေကြောင်း၊ မြေပြင် အချက်အလက်များအရ စစ်ကြောင်းများသည် စက်တင်ဘာလ ၁၃ နှင့် ၁၄ ရက် ညတို့တွင် မောင်တောမြို့နယ်ရှိ ရေခပ်ချောင်း ခွဆုံကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေး လှုပ်ရှားမှုများလုပ်စဉ် ရိုဟင်ဂျာ (မူရင်း) အမျိုးသား ငါးဦးနှင့် အမျိုးသမီး သုံးဦးကိုလည်း ထိန်းသိမ်းခဲ့ကြောင်းလည်း သတိထောက်လွှာတွင် ဖော်ပြထားသည်။

မောင်တောမြို့နယ်ရှိ ကျေးရွာများအနီး ရှင်းလင်းရှာဖွေရေးများ လုပ်ဆောင်သည့် နေရာမှ သေနတ်ပစ်ခတ်သံများကို ကောက်ဘဇားမြို့ဆီမှ ကြားရသည်ဟု ဒေသခံများကို ကိုးကား၍ ဒေးလီးစတား သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာ နယ်နိမိတ် မျဉ်းတလျှောက်တွင် ဘင်္ဂလားဒေ့ရှ်ကို ကြိုတင် အသိမပေးဘဲ၊ အထူးသဖြင့် အရပ်သား လှေများဖြင့် မြန်မာတပ်ဖွဲ့များ လှုပ်ရှားနေခြင်းသည် နယ်စပ်တွင် နားလည်မှုလွှဲမှားခြင်း၊ မလိုလားအပ်သော အဖြစ်အပျက်များဆီ ဦးတည်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း၊ နယ်စပ်ဒေသတွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး အစိုးရနှစ်ရပ်၏ ကြိုးပမ်းမှု၊ အိမ်နီးချင်း နှစ်နိုင်ငံအကြား ချစ်ကြည်ရေးဆက်ဆံမှု တိုးမြှင့်ရေးတို့ကို ထိခိုက်စေနိုင်ကြောင်း သတိထောက်လွှာတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် နေပြည်တော်သို့ သီးခြားပေးပို့သောစာ၌ ဘင်္ဂလားဒေ့ရှ်အစိုးရက နိုင်ငံတကာ နယ်နိမိတ်မျဉ်းအနီးမှ မြန်မာစစ်ကြောင်းများကို အမြန်ဆုံး ရုတ်သိမ်းပေးရန်၊ အရပ်ဘက်နှင့် စစ်ဘက် လှုပ်ရှားမှုဆိုင်ရာ သတင်းများ ဖလှယ်ရေး ကတိကဝတ်ကို လေးစားလိုက်နာရန် ဖော်ပြထားကြောင်း သိရသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးကို ဆင့်ခေါ်၍ နယ်စပ်တလျှောက် မြန်မာတပ်ဖွဲ့များ၏ သံသယဖြစ်ဖွယ် လှုပ်ရှားမှုများအတွက် စိုးရိမ်ကြောင်း အသိပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly