အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ယာယီပိတ်ထား

အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို ယာယီပိတ်ထား

စက်တင်ဘာ ၂၁  

အင်းစိန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဝန်ထမ်းတစ်ဉီး COVID-19 ကူးစက်ခံရသဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို မည်သူမျှသွားလာဝင်ထွက်ခြင်း မပြုနိုင်ရန် ယာယီ ပိတ်ထားကြောင်း မြို့နယ် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်လင်းက ပြောသည်။  

အဆိုပါ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝန်ထမ်းမှာ စော်ဘွားကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှုးရုံး အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။  

ဖော်ပြပါ စော်ဘွားကြီးကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးမှာလည်း ကိုဗစ်-၁၉ ကူးစက်ခံရသဖြင့် ၎င်းနှင့် ထိတွေ့မှုမှ တစ်ဆင့် ကူးစက်ခံရခြင်းဖြစ်နိုင်ကြောင်း ဦးကျော်လင်းက ပြောသည်။

“ရပ်ကွက်အုပ်ချုပ်ရေးမှူးက သူ့ရုံးမှာသူနေတာပေါ့။ အတွင်းရေးမှူး(မြို့နယ်ကော်မရှင်အဖွဲ့ခွဲဝန်ထမ်း)ကကျတော့ ကော်မရှင်ရုံးကို လာဖူးတယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးနဲ့ အတွင်းရေးမှူးရဲ့ ကြားမှာ ဆက်စပ်မိတယ်။ အတွင်းရေးမှူးကကျတော့ ကျွန်တော် တို့ရုံးကို မဲစာရင်းနဲ့ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်တွေလုပ်ရတယ်ပေါ့။ဆိုတဲ့အခါကျတော့ အုပ်ချုပ်ရေးမှူးကို ထိတဲ့အခါမှာ အတွင်းရေးမှူးကိုလည်း ထိသွားတယ်” ဟု ဦးကျော်လင်းကပြောသည်။

၎င်းလူနာနှစ်ဦး COVID-19 ကူးစက်ခံရသည်မှာ မှန်ကန်ကြောင်းနှင့် လတ်တလောတွင် လူနာအမှတ်ကို  မသိရှိရသေးကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန္တာဆွေ ကပြောသည်။  

လက်ရှိတွင်အဆိုပါရုံးကို ပိတ်ထားသော်လည်း ရုံးပြန်လည်ဖွင့်လှစ်ခွင့်ရပါက နှစ်ပတ်လုပ် နှစ်ပတ်နားပုံစံဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ဦးကျော်လင်းက ပြောသည်။

“stay homeဆိုတဲ့ ထုတ်ပြန်ချက်အတိုင်း ဘာပဲဖြစ်ဖြစ် lockdownလုပ်လိုက်မယ်။ နှစ်ပတ်ဆိုလို့ရှိရင် ပိုးက ၃၊ ၄ ရက်ဆိုသေတာကို။ အဲ့တော့ ဝန်ထမ်းတွေလည်းအနားရတာလည်းပါတယ်။ ကျွန်တော်တို့လည်း Lockdown သဘောမျိုးလုပ်လိုက်တာ။ နောက်နှစ်ပတ်ပြီးတဲ့အချိန် အောက်တိုဘာ ၁၀ရက်နေ့မှ ရုံးကိုပြန်ဖွင့်မယ်လို့ ရည်ရွယ်ထားတာပေါ့။” ဟုပြောသည်။  

မြို့နယ်ရွေးကောက်ပွဲကော်မရှင်ရုံးခွဲ ဝန်ထမ်းတွေများမှာ ကျန်းမာရေးကောင်းမွန်နေပြီး လက်ရှိအချိန်တွင် Home Quarantine ထားရှိကြောင်း ဦးကျော်လင်းကပြောသည်။  

“Home Quarantineဆိုတဲ့ သဘောပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တယ်ပေါ့နော် နေကောင်းလား။ ဘာထူးခြားလည်း အနံ့ပျောက်လား။ အဲ့လိုလည်း မရှိဘူး။ ဆိုးဆိုးဝါးဝါးကြီးတော့မရှိပါဘူး။ အကုန်လုံးက ကျန်းမာရေးကောင်းမွန်ကြပါတယ်။” ဟု၎င်းကပြောသည်။  

အဆိုပါကိစ္စနှင့်ပတ်သက်၍ အင်းစိန်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုးကို ဆက်သွယ်မေး မြန်းကြည့်ရာ ၎င်းအနေဖြင့် မသိရှိရသေးကြောင်းပြောသည်။  

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပရန် အချိန်နီးကပ်လာပြီဖြစ်ပြီး လက်ရှိအချိန်တွင် ဒုတိယအကြိမ်မဲစာရင်းထုတ်ပြန်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required