ရုရှားတွင် ကျင်းပသည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာလည်း ပါဝင်

ရုရှားတွင် ကျင်းပသည့် စစ်ရေးလေ့ကျင့်မှုတွင် မြန်မာလည်း ပါဝင်

စက်တင်ဘာ ၂၁၊ ၂၀၂၀

ရုရှားနိုင်ငံတောင်ပိုင်း အက်စထရာခန်ဒေသတွင် Kavkaz-2020 ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုကို စတင်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၂၀ ရက်နေ့တွင် ကြေညာခဲ့ပြီး ယင်းစစ်ရေးလေ့ကျင့်မှုတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်။

စက်တင်ဘာလ ၂၆ ရက်နေ့အထိ ကျင်းပမည့် ယင်းစစ်ရေးလေ့ကျင့်မှုတွင် ကွပ်ကဲရေးအရာရှိမှာ ရုရှားလက်နက်ကိုင် တပ်များ၏ ဦးစီးအရာရှိချုပ်နှင့် ပထမ လက်ထောက် ကာကွယ်ရေးဝန်ကြီး ဗယ်လာရီ ဂရက်ဆီမော့ဗ် ဖြစ်သည်။

Kavkaz-2020 ဗျူဟာမြောက် စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၈ သောင်း ပါဝင်ပြီး ၎င်းတို့အနက် ၁၀၀၀ မှာ နိုင်ငံခြားစစ်တပ်များမှ ဖြစ်သည်။ နိုင်ငံခြားစစ်တပ်များမှာ မြန်မာနိုင်ငံမှ တပ်မတော်အပြင် အာမေးနီးယား၊ ဘယ်လာရုစ်၊ တရုတ်နှင့် ပါကစ္စတန် စစ်တပ်တို့ ပါဝင်သည်။

အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ အီရန်၊ ကာဇက်စတန်၊ တာဂျီကစ္စတန်နှင့် သီရိလင်္ကာတို့မှ စစ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်များက လေ့လာသူများအဖြစ် တက်ရောက်သည်။

မြေပြင် စစ်ရေးလေ့ကျင့်မှုများတွင် တင့်ကား ၂၅၀ ကျော်၊ ခြေလျင် တိုက်ခိုက်ရေးတပ်သုံး ယာဉ်နှင့် သံချပ်ကာ စစ်သည်တင်ယာဉ် ၄၅၀၊ အမြောက်နှင့် ဒုံးကျည်စနစ် ၂၀၀ ပါဝင်သည်။

ရေပြင်လေ့ကျင့်မှုတွင် ရုရှားစစ်တပ်၏ ဘလက်ဆီး ရေတပ်သင်္ဘောအုပ်စု၊ ကက်စပီယန် ရေတပ်သင်္ဘောအုပ်စုတို့အပြင် အီရန် ရေတပ်သင်္ဘောများလည်း ပါဝင်မည် ဖြစ်သည်။       

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required