ပုဂ္ဂလိကရုပ်သံ Channel များတွင် ပြသမည့် နိုင်ငံခြားရုပ်ရှင်များ ဆင်ဆာအဖွဲ့သို့ ကြိုတင် တင်ပြရတော့မည်

ပုဂ္ဂလိကရုပ်သံ Channel များတွင် ပြသမည့် နိုင်ငံခြားရုပ်ရှင်များ ဆင်ဆာအဖွဲ့သို့ ကြိုတင် တင်ပြရတော့မည်
ဓာတ်ပုံ - AFP

စက်တင်ဘာ ၁၉၊ ၂၀၂၀

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ဆက်စပ် ဆောင်ရွက်နေသည့် ပုဂ္ဂလိက ရုပ်သံလွှင့် ကုမ္ပဏီများနှင့် Content Provider များမှ ထုတ်လွှင့်နေသော channel များအလိုက် နိုင်ငံခြားရုပ်ရှင်၊ ဇာတ်လမ်းတွဲများကို ပြသခြင်း မပြုမီ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့သို့ ပေးပို့၍ ဆင်ဆာစစ်ဆေးမှု ခံယူကြရတော့မည် ဖြစ်သည်။

ရုပ်သံလွှင့် ကုမ္ပဏီများနှင့် channel များသည် နိုင်ငံခြားရုပ်ရှင်၊ ဇာတ်လမ်းတွဲများကို ပြသခြင်းမပြုမီ ပြန်ကြားရေး ဝန်ကြီးဌာန၊ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့ (ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ရုပ်ရှင်မြှင့် တင်ရေးဌာနခွဲ) သို့ ပေးပို့၍ ဆင်ဆာစစ်ဆေးမှု ခံယူကြရန် အကြောင်းကြားကြောင်း စက်တင်ဘာလ ၁၈ ရက်နေ့စွဲဖြင့် ပေးပို့သောစာတွင် ဖော်ပြထားသည်။

ထုတ်လွှင့်ပြသနေသည့် နိုင်ငံခြားရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများတွင် မြန်မာဘာသာသို့ ဆီလျော်အောင် ပြန်ဆိုမှု အားနည်းခြင်း၊ စာလုံးပေါင်းသတ်ပုံ မှားယွင်းခြင်း၊ အများပြည်သူ ကြည့်ရှုရန် မသင့်သည့် ဇာတ်လမ်း၊ ဇာတ်ကွက်များ ပါရှိနေခြင်း၊ ဆေးလိပ်နှင့် အရက်ကဲ့သို့ တားမြစ်ကုန်ပစ္စည်းများ၏ ကြော်ငြာများ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထုတ်လွှင့်ခြင်း၊ ကြော်ငြာခြင်းနှင့် မီဒီယာကျင့်ဝတ်နှင့်အညီ လိုက်နာမှု အားနည်းခြင်းများ စိစစ်တွေ့ရှိရခြင်းကြောင့် ဖြစ်သည်ဟု အကြောင်းကြားစာတွင် ဖော်ပြထားသည်။

ထို့ကြောင့် စက်တင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် ပြန်ကြားရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးက ရုပ်ရှင်၊ ဇာတ်လမ်းတွဲများ ပြသရာတွင် တည်ဆဲဥပဒေ၊ သတ်မှတ်ချက်များနှင့်အညီ ဆင်ဆာစစ်ဆေး မှု ရယူရန် လိုအပ်ကြောင်းနှင့် ပြသခြင်းမပြုမီ ရုပ်ရှင်နှင့် ဗီဒီယိုဆင်ဆာအဖွဲ့သို့ ပေးပို့ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

အကြောင်းကြားစာအရ ရုပ်သံလွှင့် ကုမ္ပဏီများနှင့် Content Provider များမှ ထုတ်လွှင့်နေသော channel များအလိုက် နိုင်ငံခြားရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲများကို Free to Air Channel နှင့် Pay TV Channel အဖြစ် ထုတ်လွှင့်ပြသမှုများ အကြုံးဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly