စက်တင်ဘာ ၁၉၊ ၂၀၂၀
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ နန္ဒာလှိုင်၏ မတ်တော်စပ်သူ သွေးတိုး၊ ဆီးချိုရောဂါများ အခံရှိသည့် ဦးငွေဇော်သည် COVID-19 ရောဂါကြောင့် စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၅ နာရီတွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန် ချိန်တွင် အသက် ၆ဝ အရွယ်ရှိပြီ ဖြစ်သည်။
အခြေအနေ စိုးရိမ်ရသည့်အတွက် အထူးကြပ်မတ် ကုသဆောင် (ICU) တွင် ကုသနေခဲ့ရာမှ ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ညီမလေး နွေးနွေးရဲ့ အမျိုးသား ဦးငွေဇော် ဆုံးသွားပါပြီ” ဟု သရုပ်ဆောင် နန္ဒာလှိုင်က သူ၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ နံနက်ပိုင်းက ရေးသားအသိပေးထားသည်။
သရုပ်ဆောင် နန္ဒာလှိုင်၏ ညီမတော်စပ်သူ ဒေါ်နွေးနွေးလှိုင်နှင့် ၎င်း၏ခင်ပွန်း ဦးငွေဇော်တို့ နှစ်ဦးစလုံးတွင် COVID-19 ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ရသောကြောင့် သတ်မှတ် ဆေးရုံဖြစ်သည့် တောင်ဥက္ကလာပအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။
မိဘနှစ်ဦးဖြစ်သည့် ဒေါ်နွေးနွေးလှိုင်နှင့် ဦးငွေဇော်တို့တွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရသည့်အတွက် ကျန်ရှိခဲ့သည့် သားသမီးသုံးဦးမှာ ဦးလေးတော်စပ်သူ ကိုစိန်ဖြိုးလှိုင်နှင့်အတူ ဟိုတယ် ကွာရန်တင်း ဝင်နေရကြောင်း သိရသည်။
“ကလေးတွေက Primary Contact (တိုက်ရိုက်ထိတွေ့သူ) ဖြစ်တဲ့အတွက် ဟိုတယ်မှာ ကျွန်တော်နဲ့အတူတူ Q (ကွာရန်တင်း) ဝင်နေပါတယ်။ ကျွန်တော်က ကလေးတွေချည်းပဲ စိတ်မချလို့ လိုက်သွားတာပါ” ဟု ကိုစိန်ဖြိုးလှိုင် က မဇ္ဈိမကို ပြောသည်။
ဦးငွေဇော်နှင့် ဒေါ်နွေးနွေးလှိုင်တို့ မည်သို့ ရောဂါကူးစက်ခံရမှန်း မသိသေးကြောင်းနှင့် ဦးငွေဇော်မှာ ဆေးရုံတင်ပြီး ရက်အနည်းငယ်အတွင်း ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ကိုစိန်ဖြိုးလှိုင်က ပြောသည်။
“ကလေးတွေနဲ့တူတူ နေလို့မရလို့ ဟိုတယ် ကွာရန်တင်းကို တူ၊ တူမ သုံးယောက်နဲ့ ကျွန်တော် စဝင်ပြီး နောက်တစ်နေ့ မနက်မှာပဲ အစ်မအမျိုးသား ဆုံးပြီဆိုတာ သိရတယ်။ အောက်ဆီဂျင်ကျလို့ ဆေးရုံတင်ထားတာ လေးရက် နဲ့ Swab Test (နှာခေါင်း၊ အာခေါင်တို့ဖတ်) စစ်လို့ Positive မှန်းသိတာ တစ်ရက်ပဲရှိပါသေးတယ်။ တခြားရောဂါတွေနဲ့ မတူတာက အဆက်အသွယ် ဘယ်လောက်ရှိရှိ၊ ဆေးပညာအကြောင်း ဘယ်လိုပဲ နားလည် နားလည်၊ ရောဂါဆိုးလာပြီဆို ထိုင်ဆုတောင်းရုံကလွဲပြီး ဘာမှ လုပ်လို့မရပါဘူး” ၎င်းက ပြောသည်။
ဒေါ်နွေးနွေးလှိုင်တို့သည် သားသမီးသုံးဦးနှင့် အိမ်ခွဲနေခြင်းဖြစ်သော်လည်း ကလေးငယ်များနှင့် ထိတွေ့မှု ရှိခဲ့သောကြောင့် သရုပ်ဆောင် နန္ဒာလှိုင် အပါအဝင် ကျန်ရှိသည့် မိသားစုဝင်များမှာ နေအိမ်မှာတွင် ကွာရန်တင်း ဝင်နေကြောင်းလည်း ကိုစိန်ဖြိုးလှိုင်က ပြောသည်။