ဗီယက်နမ်မှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်ပြီး လူ ၁ ဦးသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရ

By AFP
19 September 2020
ဗီယက်နမ်မှာ အပူပိုင်းမုန်တိုင်း တိုက်ခတ်ပြီး လူ ၁ ဦးသေဆုံးကာ ဒါဇင်များစွာ ဒဏ်ရာရ
Photo - AFP

စက်တင်ဘာ ၁၉

အပူပိုင်းမုန်တိုင်း နိုလ်မုန်တိုင်းဟာ ဗီယက်နမ်နိုင်ငံဆီ သောကြာနေ့က ဝင်ရောက်တိုက်ခတ်ရာ ကမ်းရိုးတန်းဒေသတွေမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတွေ တိုက်ခတ်တာကြောင့် လူတစ်ဦး သေဆုံးပြီး ဒါဇင်များစွာ ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယခုနှစ်မှာ နိုင်ငံရဲ့ အကြီးဆုံးမုန်တိုင်းဖြစ်တဲ့ နိုလ်မုန်တိုင်းဟာ မြို့တော်ဟောင်းဖြစ်တဲ့ ဟွေမြို့ဆီ ဝင်ရောက်တိုက်ခတ်ရာမှာ အိမ်တွေ ပျက်စီးပြီး သစ်ပင်တွေနဲ့ ဓာတ်တိုင်တွေ ပြိုလဲနေတာကို နိုင်ငံပိုင် ရုပ်သံက ထုတ်လွှင့် ပြတာပါတယ်။

အလယ်ပိုင်း ပြည်နယ်သုံးပြည်နယ်အပြင် ဒါနန်းမြို့တွေက လူပေါင်း တစ်သန်းကျော်ထက်မနည်းကို ဘေးလွတ်ရာရွှေ့ပြောင်းပေးရမယ်လို့ အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောထားပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၅၆ မိုင်နှုန်းနဲ့ ဝင်ရောက်တဲ့ ဒီ မုန်တိုင်းမှာ လူတစ်ဦးသေဆုံးပြီး ဒါဇင်များစွာ ထိခိုက်ဒဏ်ရာရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

“မုန်တိုင်း ဝင်လာတဲ့အချိန် လေအရမ်းပြင်းတာကြောင့် ကြောက်စရာတောင် ကောင်းတယ်။”လို့ ဟွေမြို့နေ ငုယင်ဟူအန်းက ပြောပါတယ်။

“သစ်ပင်တွေ တော်တော်များများ လဲကျကုန်တယ်။ ကျွန်တော်တို့ မြို့ကို ကြည့်ရတာ ဆိုးဝါးတဲ့ ပုံစံပေါက်နေတယ်။”လို့ သူက အေအက်ဖ်ပီသတင်းကို ပြောပါတယ်။

သောကြာနေ့ နှောင်းပိုင်းမှာတော့ မုန်တိုင်းဟာ အပူပိုင်းလေဖိအားနည်းရပ်ဝန်းအဖြစ် အဆင့်လျော့ကျသွားကြောင်း ဗီယက်နမ်မိုးလေဝသဌာနအရ သိရပါတယ်။

နိုင်ငံအလယ်ပိုင်းက လေဆိပ်အားလုံး ပိတ်ထားဆဲဖြစ်ပြီး ငါးဖမ်းစက်လှေတွေကိုလည်း ကြာသပတေးနေ့ကတည်းက တားမြစ်ထားတာ ဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံဟာ မေလကနေ အောက်တိုဘာလအတွင်း အပူပိုင်းမုန်တိုင်းတွေ တိုက်ခတ်တာ ကြုံရလေ့ရှိပြီး အလယ်ပိုင်းကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်တာ များပါတယ်။

အခုနှစ်မှာ ဒီလို သဘာဝဘေးအတွင်း လူပေါင်း ၆၈ ဦး သေကျေပျောက်ဆုံးကြောင်း တာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly