ကိုရိုနာဗိုင်းရပ်စ်ဗဟိုချက် ဝူဟန်မြို့မှာ ပြည်ပလေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲ 

ကိုရိုနာဗိုင်းရပ်စ်ဗဟိုချက် ဝူဟန်မြို့မှာ ပြည်ပလေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲ 

စက်တင်ဘာ ၁၈ 

ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ဗဟိုချက်ဖြစ်ခဲ့တဲ့ ဝူဟန်မြို့မှာ ရှစ်လကြာဆိုင်းငံ့ထားတဲ့ ပြည်ပလေယာဉ်ခရီးစဉ်တွေကို စက်တင်ဘာ ၁၆ ရက်ကစပြီး ပြန်လည် ပြေးဆွဲနေပြီဖြစ်ပါတယ်။ 

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုနဲ့ပတ်သက်ပြီး ကမ္ဘာလုံးဆိုင်ရာအသိပေးမှုတွေ မြင့်တက်လာချိန် မတ်လတုန်းက တရုတ်နိုင်ငံမှာ ပြည်ပလေယာဉ်ခရီးစဉ်ပြေးဆွဲမှုတွေကို ရပ်နားခဲ့တာဖြစ်ပါတယ်။ တရတ်နိုင်ငံမှာ ခရီးအသွားအလာကန့်သတ်တာ၊  ရောဂါစမ်းသပ်မှုတွေနဲ့ လော့ဒေါင်းတွေ ချမှတ်လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ ရောဂါကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ 

စက်တင်ဘာ ၁၆ ရက် မနက်က တောင်ကိုရီးယားလေကြောင်းလိုင်း T’way  က လေယာဉ်တစ်စီးဟာ ဝူဟန်မြို့ တီအန်ဟယ် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ခရီးသည် ၆၀ ဦးနဲ့အတူ ဆိုက်ရောက်လာတာကို CCTV ရုပ်သံက ထုတ်လွှင့်ပြသခဲ့ပါတယ်။  

ဝူဟန်သယ်ယူပို့ဆောင်ရေးဗျူရို မြို့ပြလေကြောင်းဌာနဒါရိုက်တာဖြစ်သူ လီရီကျိုက “ဒါဟာ တီအန်ဟယ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ပြန်လည်ပြေးဆွဲတဲ့ ပထမဆုံးလေယာဉ်ခရီးစဉ်ဖြစ်ပါတယ်။ ဒီလအတွင်းမှာ နောက်ထပ် လေကြောင်းခရီးစဉ် တစ်ခု နှစ်ခု လောက် ထပ်ပြေးဆွဲဖို့ရှိပါတယ်။ ကိုဗစ်-၁၉ စည်းမျဉ်းတွေကို အတိအကျလိုက်နာပြီး ခရီးစဉ်တစ်ခုလုံးအတွက် ကျန်းမာရေးစောင့်ကြည့်မှုတွေ လုပ်ဆောင်ပါတယ်။ ပြည်တွင်းဝင်ရောက်လာသူတွေကိုလည်း ၁၄ ရက်ကြာ ကျန်းမာရေး စောင့်ကြည့်မှုတွေလုပ်သလို ပြည်ပသွားမယ့်သူတွေကိုလည်း ကျန်းမာရေးကုဒ်စစ်ဆေးပြီး အပူချိန်တိုင်းတာတွေလုပ်ပြီးမှ သွားခွင့်ပြုပါတယ်” လို့ပြောပါတယ်။ 

တရုတ်နိုင်ငံမှာ နိုင်ငံခြားသားများဝင်ရောက်မှုကို တားမြစ်ထားဆဲဖြစ်ပြီး ဝင်ရောက်ခွင့်ရသူများမှာလည်း သီတင်းနှစ်ပတ် ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။  

တောင်ကိုရီးယားလေကြောင်းလိုင်း T’way ဟာ ဝူဟန်နဲ့ အင်ချောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အကြား အပတ်စဉ် အသွားအပြန် ခရီးစဉ် တစ်ကြိမ် ပျံသန်းတော့မှာဖြစ်တယ်လို့ တရုတ်မြို့ပြလေကြောင်းစီမံခန့်ခွဲမှု (CAAC) ကပြောပါတယ်။  

ပေကျင်းနဲ့ရှန်ဟိုင်းအပါအဝင် တရုတ်နိုင်ငံရဲ့အဓိကမြို့ကြီးတွေမှာလည်း နိုင်ငံတကာ တိုက်ရိုက်လေကြောင်းခရီးစဉ်တွေကို ခွင့်ပြုထားပေမယ့် ဗီဇာလုပ်ငန်းစဉ်တွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို တင်းတင်းကျပ်ကျပ်လုပ်ဆောင်လျက်ရှိပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly