စက်တင်ဘာ ၁၀
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ ဒေသတွင်းကိစ္စရပ်တွေကိုဆွေးနွေးဖို့အတွက် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ စက်တင်ဘာ ၉ ရက်က အွန်လိုင်းကတစ်ဆင့် အစည်း အဝေး ပြုလုပ်ခဲ့ပါတယ်။
အစည်းအဝေးမှာ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ဖို့အတွက် အာဆီယံနိုင်ငံတွေကို အမေရိကန်ဒေါ်လာ နှစ်သန်း ထည့်ဝင်လှူဒါန်းမယ်လို့ ကတိကဝတ်ပြုခဲ့ကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီရိုဒေါရို လော့ခ်ဆင်းက “ တောင်တရုတ်ပင်လယ်နဲ့ ပတ်သက်ပြီး ၁၉၈၂ ခုနှစ် ပင်လယ်ပြင်ဥပဒေများဆိုင်ရာကွန်ဗင်းရှင်း အပါအဝင် နိုင်ငံတကာဥပဒေတွေနဲ့အညီ ဒေသတွင်းငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကိုအထောက်အကူပြုစေဖို့ အပြန်အလှန်အကျိုးရှိ ထိရောက်တဲ့ ကျင့်ဝတ်တွေကို သဘောတူကြဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်” လို့ ဆိုပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ က “ဒေသတွင်းယဉ်ကျေးမှုကိုရောင်ပြန်ဟပ်ပြီး လက်တွေ့နဲ့ကိုက်ညီတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ဖော်ဆောင်ဖို့ အခြေခံသဘောတူညီမှုတည်ဆောက်မှုဆိုင်ရာ ကျင့်ဝတ်တွေကို အစောလျင်ဆုံး အပြီးသတ်လုပ်ဖို့ကြိုးစားနေကြပါတယ်။ တောင်တရုတ်ပင်လယ်နဲ့ဒေသရဲ့ ရေရှည်တည်တံ့ခိုင်မြဲမှုကို ထိထိရောက်ရောက် ထိန်းသိမ်း ဖို့လည်း လိုအပ်ပါတယ်” လို့ပြောပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး တိုရှီမီဆု မိုတဲဂီက “ ကာကွယ်ဆေးတွေဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆေးဘက်ဆိုင်ရာပစ္စည်းတွေ ဝယ်ယူဖို့ ရည်ရွယ်ထားတဲ့ ကိုဗစ်-၁၉ တုံ့ပြန်ရေးရန်ပုံငွေအတွက် ကျွန်တော်တို့ အပြည့်အဝထောက်ခံပြီး ထည့်ဝင်ပါတယ်။ ဂျပန် နိုင်ငံအနေနဲ့ ဒေါ်လာတစ်သန်း ထည့်ဝင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးရှိရှိ အသုံးချနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ကန်ဂျွန်ဝါက “တောင်ကိုရီးယားက ဒေါ်လာ တစ်သန်းလှူဒါန်းနိုင်တဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ အာဆီယံ - ကိုရီးယား ကျန်းမာရေးဝန်ကြီးများအစည်းအဝေးအတွက်လည်း အာဆီယံနိုင်ငံတွေနဲ့ နီးနီးကပ်ကပ်တိုင်ပင်ဆွေးနွေးလုပ်ဆောင်နေပါတယ်” လို့ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဒီနှစ်မှာ အာဆီယံအစည်းအဝေးတွေကို video conferencing စနစ်တွေနဲ့ ဆောင်ရွက်နေရတာဖြစ်ပါတယ်။