ထိုင်းနိုင်ငံ ပတ္တယားမြို့၌ တရုတ်ခရီးသွားများနေထိုင်ရာ နေအိမ် အနုကြမ်းစီးခံရပြီး ဘတ် ၁၀ သန်း ပါသွား

ထိုင်းနိုင်ငံ ပတ္တယားမြို့၌ တရုတ်ခရီးသွားများနေထိုင်ရာ နေအိမ် အနုကြမ်းစီးခံရပြီး ဘတ် ၁၀ သန်း ပါသွား

စက်တင်ဘာ ၉

ထိုင်းနိုင်ငံ ပတ္တယားမြို့၌ စက်တင်ဘာ ၇ ရက်ညပိုင်းက လက်နက်ကိုင်ဆောင်ထားသည့် အမျိုးသား၅ ဦးက နေအိမ်တစ်လုံးကို ဝင်စီးခဲ့ပြီး တရုတ်ခရီးသွားများထံမှ ဘတ် ၁၀ သန်းခန့်တန်ဖိုးရှိ ငွေသားနှင့် လက်ဝတ်ရတနာ ပစ္စည်းများကို လုယက်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

Bang Lamung ခရိုင် Siam Royal View အိမ်ယာဝန်းတွင် ဖြစ်ပွားခဲ့သည့် အဆိုပါ အနုကြမ်းစီးခံရမှုကို ယင်းနေ့ ည ၁၀ ခန့်တွင် သက်ဆိုင်ရာ ရဲစခန်းထံ သတင်းပို့တိုင်တန်းခဲ့သည်။

Siam Royal View သည် တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိပြီး တစ်လုံးလျင် ဘတ် ၁၀ သန်းကျော် တန်ဖိုးရှိသည့် ဇိမ်ခံနေအိမ်များဖြင့် ဖွဲ့စည်းတည်ရှိသည်။

အနုကြမ်းစီးခံရစဉ်က လက်နက်ပါသည့် အမျိုးသား၅ ဦးအထိ ပါဝင်ခဲ့ကြောင်း လုယက်ခံရသူများက ရဲကို ပြောသည်။ လုယက်သူများက တရုတ်ခရီးသွားများထံမှ စုစုပေါင်း ဘတ် ဆယ်သန်းခန့်ကို ခိုးယူလုယက်သွား ခဲ့သည်။

ထို့ပြင် လက်နက်ကိုင်အမျိုးသားများသည် နေအိမ်တွင်  အခြားအဖိုးတန်ပစ္စည်းများကိုလည်း မွှေနှောက်ရှာဖွေခဲ့ပြီးမှ နောက်ဖေးတံခါးကနေ ထွက်ပြေးသွားခဲ့ကြသည်။

ဖြစ်စဉ် ဖြစ်ပွားချိန်က အဆိုပါနေအိမ်တွင် တရုတ်နိုင်ငံသားအရေအတွက် မည်မျှရှိနေခဲ့သည် ဆိုသည်နှင့် နေအိမ်ကို မည်သူက ပိုင်ဆိုင်သည် ဆိုသည်တို့ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ယခုအခါ ထိုင်းရဲများသည် လုယက်ခံခဲ့ရသည့် တရုတ်နိုင်ငံသားများကို စကားပြန်အကူအညီဖြင့် မေးမြန်းနေဆဲဖြစ်သည်။

ထို့ပြင် လုယက်သူများနှင့်ပတ်သက်၍ သဲလွန်စရရန်အလို့ငှာ အိမ်ယာရှိ လုံခြုံရေးကင်မရာများမှ မှတ်တမ်းများကို ရယူစစ်ဆေးသွားမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly