သမ္မတအိမ်တော်က အစိုးရအရာရှိ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့

သမ္မတအိမ်တော်က အစိုးရအရာရှိ ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့
Photo Creadit - Myanmar President Office

နေပြည်တော်၊ စက်တင်ဘာ ၉

နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် အမှုထမ်းနေသည့် လက်ထောက် ညွှန်ကြားရေးမှူးအဆင့်ရှိ အရာရှိတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

တနင်္လာနေ့ကပြုလုပ်သော အိမ်တော်နေသူများနှင့် အိမ်တော်ဝန်ထမ်းများအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ရှိ၊ မရှိ ပုံမှန်ပြုလုပ်သည့် စစ်ဆေးမှု၌ အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာ ရယူ စစ်ဆေးရာတွင် အဆိုပါ လက်ထောက် ညွှန်ကြားရေးမှူး ကိုဗစ်-၁၉ ရောဂါ တွေ့ရှိရခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၉ ရက်နေ့ ကိုဗစ်-၁၉ သတင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ဇဗ္ဗူသီရိမြို့နယ်က တစ်ဦးပါဝင်ရာ ဤအရာရှိကို ရည်ညွှန်းသည်။

ဇဗ္ဗူသီရိမြို့နယ်က ကိုဗစ်-၁၉ ကူးစက်ခံရသူမှာ အစိုးရအရာရှိတစ်ဦးဖြစ်သည်ဟု နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက အတည်ပြုပြောကြားသော်လည်း မည်သည့်ဌာနက ဖြစ်သည်ကိုပြောရန် ငြင်းဆန်သည်။

“ဇဗ္ဗူသီရိက Case ကတော့ အစိုးရအရာရှိတစ်ယောက်ပါဗျ။ အဲ့ဒါကျတော့ ဌာနကျတော့ အတိအကျပြောရခက်လို့ပါဗျ။ သူကတော့ ခရီးသွားတဲ့ History (ရာဇဝင်) တော့ မရှိပါဘူးဗျ။ အစိုးရဌာနဆိုင်ရာတွေ Checkup (ဆေးစစ်ခြင်း) ပေါ့။ Swab (အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာယူခြင်း) ယူတဲ့အခါမှာ တွေ့သွားတာပါခင်ဗျ။ ပုံမှန်ဆေးစစ်တဲ့အခါမှာ တွေ့တာပါဗျ” ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက မဇ္ဈိမသို့ ပြောသည်။

လက်ရှိတွင် အဆိုပါ အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူများ၊ ဌာနဆိုင်ရာ အရာရှိများကို သီးခြားခွဲကာ ကွာရန်တင်းထားရှိပြီး စောင့်ကြည့်နေသည်ဟု ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောသည်။

အဆိုပါအရာရှိသည် မည်သည့်ဝန်ကြီးဌာနက ဖြစ်သည်ကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ရန် ငြင်းဆိုသော်လည်း သမ္မတရုံးတွင် တာဝန်ထမ်းဆောင်သည့် လက်ထောက် ညွှန်ကြားရေးမှူးအဆင့် အရာရှိတစ်ဦး ဖြစ်သည်ဟု မဇ္ဈိမက စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်သော သမ္မတအိမ်တော် သတင်းစာရှင်းလင်းပွဲတွင်လည်း ဌာနဆိုင်ရာ စီစဉ်ဆောင်ရွက်သူ တစ်ဦးအဖြစ် ပါဝင်တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါနေ့က သတင်းစာရှင်းလင်းပွဲသည် နှစ်နာရီနီးပါး ကြာမြင့်သည်။

အဆိုပါတွေ့ရှိမှုနောက် အိမ်တော်ကို အဝင်အထွက်လုပ်ခဲ့သူများ၊ လုံခြုံရေးများအပါအဝင် သူနှင့် အနီးကပ်နေခဲ့မှုရှိသူများကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်သည်။

အဆိုပါနေ့က သတင်းစာရှင်းလင်းပွဲသို့ တက်ရောက် သတင်းရယူခဲ့သော မဇ္ဈိမသတင်းထောက်နှစ်ဦးကိုလည်း အာခေါင်တို့ဖတ်နှင့် နှာခေါင်းတို့ဖတ် ဓာတ်ခွဲနမူနာရယူမှု ပြုလုပ်ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly