သီရိလင်္ကာနိုင်ငံအနီး ရေနံတင်သင်္ဘောမှာ လောင်နေတဲ့ မီးကို ဓာတုပေါင်ဒါမှုန့် သုံးပြီး ငြှိမ်းသတ်

By AFP
09 September 2020
သီရိလင်္ကာနိုင်ငံအနီး ရေနံတင်သင်္ဘောမှာ လောင်နေတဲ့ မီးကို ဓာတုပေါင်ဒါမှုန့် သုံးပြီး ငြှိမ်းသတ်
Photo - AFP

စက်တင်ဘာ ၉

အိန္ဒိယသမုဒ္ဒရာထဲမှာ အကျပ်ဆိုက်နေတဲ့ ရေနံတင်သင်္ဘောတစ်စင်းပေါ်မှာ စက်တင်ဘာ ၇ ရက်က မီးလောင်မှုပြန်ဖြစ်လာခဲ့တဲ့အတွက် အဆိုပါ မီးကို ငြှိမ်းသတ်ဖို့ သီရိလင်္ကာအာဏာပိုင်တွေ ကြိုးပမ်းခဲ့ကြရပါတယ်။ 

အဆိုပါ ရေနံတင်သင်္ဘောပေါ်မှာ ထပ်မံလောင်ကျွမ်းခဲ့တဲ့ မီးကို ငြှိမ်းသတ်ဖို့အတွက် ရဟတ်ယာဉ်တွေပေါ်ကနေ ဓာတုပေါင်ဒါမှုန့်အခြောက် အိတ်တွေ ပစ်ချနေခဲ့ရတာကို သီရိလင်္ကာလေတပ်က ထုတ်ဖော်ခဲ့တဲ့ ဗီဒီယိုတစ်ခုထဲမှာ ပြသနေခဲ့ပါတယ်။ 

အလားတူ အိန္ဒိယကလည်း အဆိုပါ ရေနံတင်သင်္ဘောပေါ်က မီးကို ကူညီငြှိမ်းသတ်ဖို့အတွက် စက်တင်ဘာ ၈ ရက်မှာ မီးသတ်ဓာတုပစ္စည်း အကူအညီတွေ ထပ်မံပေးပို့ခဲ့ပါတယ်။ 

သီရိလင်္ကာနိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်း ပြင်ပမှာ ရှိနေတဲ့ ရေနံစိမ်း တန်ချိန်အမြောက်အမြား တင်ထားတဲ့ အဆိုပါ New Diamond သင်္ဘောကြီးပေါ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်က မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ယင်းနောက် စက်တင်ဘာ ၆ ရက်မှာ မီးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့ရတာဖြစ်ပါတယ်။ 

ဒါပေမယ့် စက်တင်ဘာ ၇ ရက်မှာ လေပြင်းထန်မှုကြောင့် မီးပြန်လည်လောင်ကျွမ်းခဲ့လို့ အိန္ဒိယသမုဒ္ဒရာထဲမှာ နောက်ထပ် သဘာဝပတ်ဝန်းကျင် ဘေးဒုက္ခဆိုးတစ်ခု ကြုံရနိုင်တဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကို မြင့်တက်စေခဲ့တာဖြစ်ပါတယ်။ 

ရေနံစိမ်း တန်ချိန် ၂၇၀,၀၀၀ နဲ့ လောင်စာအဖြစ် ဒီဇယ် တန်ချိန် ၁,၇၀၀ ကို တင်ဆောင်ထားတဲ့ ပနားမားမှတ်ပုံတင် အဆိုပါ ရေနံတင်သင်္ဘောကြီးမှာတော့ ယိုစိမ့်မှု အရိပ်အယောင်လက္ခဏာတွေ မတွေ့ရဘူးလို့တော့ ကယ်ဆယ်ရေးသမားတွေနဲ့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly