သင်္ဃန်းကျွန်း မြို့နယ်၌ ကားဖြင့်လှည့်လည်သည့် ကျန်းမာရေးစစ်ဆေးမှုစတင်

သင်္ဃန်းကျွန်း မြို့နယ်၌ ကားဖြင့်လှည့်လည်သည့် ကျန်းမာရေးစစ်ဆေးမှုစတင်

စက်တင်ဘာ ၈ ရက်

COVID-19 ပိုးတွေ့ရှိမှု လူနာများပြားနေသည့် မြို့နယ်များတွင် ကားဖြင့် ကွင်းဆင်း လှည့်လည် ၍ ကျန်းမားရေး စစ်ဆေးမှုပြုလုပ်သည့် အစီအစဉ်ကို သင်္ဃန်းကျွန်းမြို့နယ်တွင် စက်တင်ဘာ ၈ရက်က စတင်လုပ်ဆောင်နေ ပြီ ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကပြောသည်။

အဆိုပါ စစ်ဆေးမှုအစီအစဉ်ကို ပိုးတွေ့လူနာအများဆုံးတွေ့ရှိထားရသည့် သင်္ဃန်းကျွန်းမြို့နယ် အပါအဝင် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းရှိ မြို့နယ်ငါးမြို့နယ်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကာ ကိုယ်အပူချိန်တိုင်းခြင်း၊ ရောဂါလက္ခဏာနှင့် ခရီးသွားရာဇဝင်များ မေးမြန်းကာ သံသယလက္ခဏာရှိသူများကို ဆေးရုံသို့လွှဲပြောင်း ဓာတ်ခွဲနမူနာရယူစေခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 “ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ်မှာ စလုပ်နေပါတယ်။ အစီအစဉ်ကတော့ ကားကြီးနဲ့ ထိုးရပ်ထားပြီးတော့ ပြည်သူလူထုက ဒီကားဆီကိုလာရမှာပေါ့နော်။ လာပြီးတော့ အဲ့ဒီပေါ်မှာ ကိုယ်အပူချိန်တိုင်းတာမယ်။ အဓိကကတော့ သူ့ရဲ့ ရောဂါလက္ခဏာ ရှစ်မျိုးနဲ့ စစ်တာပေါ့နော်။ စစ်ပြီးတော့ တကယ်လို့ ဒီထဲမှာ ကိုယ်အပူချိန်မြင့်တာတို့၊ တစ်ခြားလက္ခဏာတို့တွေ့တယ်ဆိုရင် သူတို့ကို သံသယလူနာ(PUI) အဖြစ်သတ်မှတ်ပြီး ဆေးရုံကို လွှဲရမှာပေါ့” ဟု ဦးနိုင်ငံလင်းက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ရပ်ကွက် ဆယ်ခုတွင် ကားဆယ်စီးဖြင့် ကျန်းမာရေးစစ်ဆေးမှုပေးနေခြင်းဖြစ်ပြီး ကားများမရောက်နိုင်သော ရပ်ကွက်များသို့ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက တစ်အိမ်တက် ဆင်း လိုက်လံစစ်ဆေးပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင် ဒေါက်တာကျော်စွာဦးက “ကျွန်တော်တို့ သင်္ဃန်းကျွန်းက ရန်ကုန်တိုင်းဒေသကြီးမှာ ကူးစက်မှုက အများစဆုံးဖြစ်နေတာပေါ့။ ကိုဗစ်-၁၉ ကိုစစ်တာမဟုတ်ပါဘူး။ အဖျားရှိ၊ မရှိ၊ နှာစေးချောင်းဆိုးရှိလား၊ အနံ့ပျောက်လား၊ အရသာပျောက်လား၊ ရခိုင်နဲ့ အခြားခရီးသွားရာဇဝင်ရှိလား၊ ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိလား မေးတာပါ။ ရှေ့ပြေးအနေနဲ့ အခြားစစ်ဆေးရင်း ရောဂါရာဇဝင်ယူတာပါ။ ဖျားလည်းဖျားတယ်၊ အနံလည်းပျောက်ဆိုရင် သံသယလူနာအဖြစ် အာခေါင်တို့ပတ်၊ နှာခေါင်းတို့ပတ်ယူပြီးစစ်တာပေါ့။” ဟု ပြောသည်။

စက်တင်ဘာလ ၈ ရက်နေ့အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၆၁ဝ ဦးရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီးတွင် ပိုးတွေ့လူနာစုစုပေါင်း ၆၉၃ ဦးရှိပြီဖြစ်သည်။

 “ဒီနေ့ ကားဆယ်စီးနဲ့ လုပ်တာကတော့ ကျွန်တော်တို့မြို့နယ်မှာ လုပ်တာပါ။ ကားဆယ်စီးနဲ့ ရပ်ကွက်ဆယ်ရပ်ကွက်ပေါ့မှာ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်။ ကားမရောက်နိုင်တဲ့ ရပ်ကွက်တွေကိုတော့ ကျွန်တော်တို့ တစ်အိမ် တက်ဆင်းလိုက်လံဆောင်ရွက်ပေးသွားမှာပါ။ ကားကတော့ နောက်နေ့ တာမွေဘက်သွားမယ်လို့ သိရပါတယ်” သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာစောအောင်ရွှေဖြူက ပြောသည်။

 ပိုးတွေ့လူနာများထဲတွင် ကူးစက်ခံရမှုလမ်းကောင်းမသိရှိရသည့် ကွင်းဆက်ပျက်လူနာများလည်း အများအပြားရှိနေပြီး သက်ဆိုင်ရာဆေးရုံကြီးများသို့ ရောက်ရှိလာသူများထဲမှ ရောဂါလက္ခဏာနှင့် ခရီးသွားရာဇဝင်မေးမြန်း ပြီး သံသယလက္ခဏာတွေ့ရှိရသူများကို ဓာတ်ခွဲနမူနာစစ်ဆေးရာတွင်လည်း ပိုးတွေ့လူနာအများအပြားတွေ့ရှိနေရကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly