ကျောက်တော် မြို့အနီးရှိ ကျေးရွာနှစ်ရွာ မီးရှို့ခံရမှုကြောင့် ဒေသခံ ၂၄၀ကျော် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိ

ကျောက်တော် မြို့အနီးရှိ ကျေးရွာနှစ်ရွာ မီးရှို့ခံရမှုကြောင့် ဒေသခံ ၂၄၀ကျော် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိ

စက်တင်ဘာ ၅

ကျောက်တော်မြို့အနီးရှိ ကျေးရွာနှစ်ရွာ မီးရှို့ခံရမှုကြောင့် ဒေသခံ ၂၄၀ ကျော်မှာ ကျောက်တော်မြို့ ရှိ ဘုန်းကြီး ကျောင်း နှင့် ဓမ္မရုံတို့တွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေကြောင်း အဆိုပါဒေသခံ အချို့က ပြောသည်။   

စက်တင်ဘာလ ၃ ရက်နေ့ ည ၉ နာရီဝန်းကျင်က  ရခိုင်ပြည်နယ် ကျောက်တော် - စစ်တွေ ကားလမ်းဘေးရှိ ဘုရားပေါင်းကျေးရွာ နှင့် တောင်ပေါက် ကျေးရွာ တို့တွင် ပေါက်ကွဲသံများ နှင့် လက်နက်ကြီးလက်နက်ငယ် သံများ ကြားရ ပြီးနောက် တပ်မတော်စစ်ကြောင်း တစ်ခု ရောက်လာပြီး ကျေးရွာ နှစ်ရွာရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက မဇ္စျိမသတင်းဌာနကိုပြောသည်။

ဖော်ပြပါကျေးရွာ ၂ရွာ တွင် အိမ်ခြေပေါင်း ၄၅၀ နီးပါး ရှိသည့်အနက် အိမ်ခြေပေါင်း ၂၅၀ နီးပါးခန့် မီးရှိုခံခဲ့ရ ကြောင်း ဒေသခံအချို့က ပြောသည်။

သို့သော် အဆိုပါဖြစ်စဉ်မှာ တပ်မတော်အပေါ် စွပ်စွဲချက်သာဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက စက်တင်ဘာလ ၄ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ ပြောကြားခဲ့သည်။

“ ဒါမျိုးလုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး လို့ပြောချင်ပါတယ်။ ကစုကိုင်း နဲ့ကျောက်တော် မှာပဲဖြစ်ခဲ့တယ်ဆိုတာ ပြောပြီးပါပြီး၊ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ စွပ်စွဲချက်လို့သာပြောချင်ပါတယ်  “ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။  

မဇ္စျိမသတင်းဌာန အနေဖြင့် တယ်လီဖုန်းဖြင့် ဘုရားပေါင်းကျေးရွာနေ ဒေသခံတစ်ဦး ကိုဆက်သွယ်မေး မြန်းရာ “ထွက်ပြေးလာတယ်ဆိုလည်းဟုတ်ပါတယ်။နေစရာအိမ်လည်းမရှိတော့ဘူး။ စားစရာအိုးလည်း မကျန်တော့ဘူး။ အင်္ကျီတစ်ခုပဲရှိတော့ ဘယ်နေရာမှာဘယ်သူကိုအားကိုးရမလဲထမင်းတစ်နပ်စားရဖို့အတွက် ကြုံရနေရာကိုသွားလာရတာပါ “ ဟု ကျောက်တော်မြို့ ကယ်ဆယ်ရေးစခန်းတစ်ခုတွင်ရောက်ရှိနေသည့် ဒေသခံတစ်ဦး က ပြောသည်။  

ကျောက်တော်မြို့ ရှိ ဒေသခံ တစ်ဦး၏ပြောကြားချက်အရ အဆိုပါကျေးရွာအနီးတွင် စက်တင်ဘာလ ၃ ရက်နေ့ ညနေပိုင်း နှင့် ညနက် ပိုင်းတို့အချိန်တွင် ပေါက်ကွဲသံများ နှင့် လက်နက်ကြီးအသံများ ကြားရကြောင်း သိရသည်။  

“၆နာရီလောက်မှာလက်နက်ငယ်တွေနဲ့ပစ်သံနည်းနည်းကြားတယ်။ပြီးတော့ရပ်သွားပါတယ်။ဒီလောက်နဲ့ပဲပြီးသွားမယ် ထင်တာ ည၉နာရီထိုးခါနီးလောက်မှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ နာရီဝက်လောက် ပစ်ကြ တယ်လို့ ရွာက ဖုန်းဆက်တယ် ရွာကို မီးရှို့နေပြီးဆိုပြီးလည်းဖုန်းဆက်တယ် “ ဟု အဆိုပါ ဒေသခံက ပြောသည်။

ကျောက်တော်မြို့၏ ၃မိုင်အကွာ  စစ်တွေ-ကျောက်တော်သွား အဝေးပြေးလမ်းကြီးပေါ်တွင် တိုက်ပွဲဖြစ်ပြီးခဲ့ပြီးနောက် ကျေးရွာများတွင် မီးလောင်နေသည်ကို ကျောက်တော်မြို့မြင်နေရကြောင်း မြို့ခံများကပြောသည်။

 “ ကျောက်တော်ဘက်မှာဖြစ်စဉ်တစ်ခုပဲရှိခဲ့ပါတယ်။ မနေ့က (စက်တင်ဘာလ ၃ရက်) ညနေ၆နာရီလောက်မှာ စစ်တွေ-ကျောက်တော် အပေါက်ဝရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပို့ဆောင်ပေးတဲ့ကားကို AA ကနေ ရီမုမိုင်းဆွဲပြီး တိုက်ခိုက်ခဲ့တယ်။ ကျောက်တော်ရဲ့တောင်ဘက် မီတာလေးထောင်လောက်မှာ ရဲနှစ်ယောက်ဒဏ်ရာ ရရှိသွားတာရှိပါတယ်။ ပို့ဆောင်ပေးပြီးပြန်အလာမှာလည်း အဲကားတွေကို အဲနေရာမှာပဲ တိုက်ခိုက်ခဲ့တယ်။ ရန်သူအလောင်း နှစ်လောင်း နဲ့ သေနတ်တစ်လက် ရရှိခဲ့ပါတယ်။အဲဒီဖြစ်စဉ်ပဲရှိပါတယ် ‘ ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက အထက်ပါသတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly