နီပေါမှာ ဗိုင်းရပ်စ် ပိတ်ပင်ချက်ဖီဆန်ပြီး ဘာသာရေးပွဲတော်အတွက် စုဝေးခဲ့ကြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ် 

နီပေါမှာ ဗိုင်းရပ်စ် ပိတ်ပင်ချက်ဖီဆန်ပြီး ဘာသာရေးပွဲတော်အတွက် စုဝေးခဲ့ကြသူတွေနဲ့ ရဲတွေ ပဋိပက္ခဖြစ် 

စက်တင်ဘာ ၄ 

နီပေါနိုင်ငံမှာ ယမန်နေ့ စက်တင်ဘာ ၃ ရက်က ရာနဲ့ချီတဲ့ ဟိန္ဒူဘာသာဝင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ပိတ်ပင်ကန့်သတ်ချက်တွေကို ဖီဆန်ပြီး ဘာသာရေးပွဲတော်တစ်ခုအတွက် လမ်းတွေပေါ်မှာ စုဝေးခဲ့ကြရာမှာတော့ ရဲတွေနဲ့ ထိပ်တိုက်တွေ့ ပဋိပက္ခ ဖြစ်ခဲ့ကြပါတယ်။ 

ခုလိုမျိုး ဗိုင်းရပ်စ် ပိတ်ပင်ချက်တွေကို အာခံပြီး ဘာသာရေးပွဲတော်အတွက် စုဝေးခဲ့ကြသူတွေကို နီပေါရဲတပ်ဖွဲ့က မျည်ရည်ယိုဓာတ်ငွေ့၊ မီးသတ်ပိုက်တွေ သုံးပြီး လူစုခွဲခဲ့ပါတယ်။ 

ပဋိပက္ခဖြစ်စဉ်မှာ အနည်းဆုံး အမှုထမ်း လေးဦး ဒဏ်ရာရသွားသလို မီးသတ်ထရပ်ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ နီပေါ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

ပွဲတော်မှာ ပါဝင်လာသူတွေထဲမှာလည်း ဒဏ်ရာရသူတွေ ရှိခဲ့ပေမယ့် အရေအတွက် ဘယ်လောက် ဒဏ်ရာရခဲ့တယ် ဆိုတာကိုတော့ မသိရပါဘူး။ 

မြို့တော် အနီး Lalitpur က လမ်းတွေပေါ်မှာ အမြင့် ၁၅ မီတာ (၄၉ ပေ) ရှိ သစ်သား ရထားတစ်စီးနဲ့  မိုးနတ်ဘုရား Macchindra Nath ကို သယ်ဆောင်လှည့်လည်တာကို ကြည့်ရဖို့ ခတ္တမန္ဒူ တောင်ကြားတစ်လျှောက်မှာ နေထိုင်တဲ့ ပြည်သူတွေဟာ နှစ်စဉ်နှစ်တိုင်း ဒီလို လာရောက်ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

စက်တင်ဘာ ၃ ရက် အဆိုပါ နတ်ဘုရား ရထားအနီး လူတွေ စုဝေးပြီး ကျယ်လောင်စွာ အော်ဟစ်ကြွေးကြော်ခဲ့ကြချိန် ရဲတွေက လူအုပ်ကို တားဆီးဖို့ စီတန်းစောင့်ဆိုင်းခဲ့ကြပါတယ်။ 

“တားမြစ်ပိတ်ပင်ချက် အမိန့် ချိုးဖောက်တဲ့ လူအုပ်စုကို မျက်ရည်ယိုဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့တာပါ၊ အဲမတိုင်မီ လူအုပ်ဘက်က သူတို့ကို တားတဲ့ လုံခြုံရေးတွေကို ကျောက်ခဲတွေနဲ့ ပေါက်ခဲ့ပါတယ်” လို့ Lalitpur ဒေသ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ နာရာယန် ပရာဆက်ဒ် ဘာတာက ပြောပါတယ်။ 

ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ အဆိုပါ စီတန်းလှည့်လည်မှုကတော့ ပုံမှန်အားဖြင့် ဧပြီလကုန်မှာ စတင်လေ့ရှိပေမယ့် ဒီနှစ်မှာ မတ်လ ၂၄ ရက်ကစလို့ နိုင်ငံတဝန်း လော့ခ်ဒေါင်း ချခဲ့လို့ အဆိုပါ စီတန်းမှုကို နောက်ဆုတ်ခဲ့ရပါတယ်။ 

ဇူလိုင်လမှာ ပိတ်ပင်ချက်တွေ ဖြေလျှော့ခဲ့ပေမယ့် ဗိုင်းရပ်စ် ကူးစက်မှုတွေ ပြန်တိုးလာလို့ သြဂုတ် ၂၀ မှာ ကန့်သတ်မှုတွေ ပြန်လည်ချမှတ်ခဲ့ရပါတယ်။ 

လူဦးရေ ၂၈ သန်းရှိတဲ့ နီပေါမှာတော့ ပြီးခဲ့တဲ့ ဆယ်ရက်အတွင်းမှာပဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူသစ် ၁၀,၀၀၀ ကျော်နဲ့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၀၀ ခန့် တွေ့ရှိခဲ့ပြီး ယခုအချိန်မှာ ဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၄၂,၈၇၇ ဦးနဲ့ သေဆုံးသူ ၂၅၇ ဦး ရှိနေပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly