ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် လာရောက်လျှောက်ထားသည့်အဖွဲ့မရှိသေးဟုဆို

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန် လာရောက်လျှောက်ထားသည့်အဖွဲ့မရှိသေးဟုဆို

စက်တင်ဘာ ၃

ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန်အတွက် လာရောက်လျှောက်ထားသည့် အရပ်ဖက်အဖွဲ့အစည်းများ မရှိသေးကြောင်း ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထွန်းအောင်ခိုင်ကပြောသည်။

ယခင် ၂၀၁၅အထွေထွေရွေးကောက်ပွဲ ကာလက ကချင်ပြည်နယ်တွင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့ ၂၀ထက်မနည်းရှိခဲ့သော်လည်း၂၀၂၀ အထွေထွေရွေးကောက်ပွဲ အတွက် လေ့လာစောင့်ကြည့်ရန် လာရောက် လျှောက်ထားသည့်အဖွဲ့ မရှိသေးခြင်းဖြစ်သည်။

“ လာပြီးစုံစမ်းတာပဲရှိသေးတယ်။ လာပြီးလျှောက်ထားတာတော့မရှိသေးဘူး” ဟု ဦးထွန်းအောင်ခိုင်ကပြောသည်။

အသင်းအဖွဲ့မှတ်ပုံတင်ရရှိထားသည့် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ စောင့်ကြည့်လေ့လာခွင့်လျှောက်ထားနိုင်ပြီး ပြည်တွင်းအဖွဲ့အစည်းဆိုပါက သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲများ တွင်လည်း ကောင်း ပြည်ပအဖွဲ့အစည်းဆိုပါက ပြည်ထောင်စုကော်မရှင်တွင်လည်းကောင်း လျှောက်ထားနိုင်သည်။

 “ ပြည်ထောင်စုကနေပြီး ကျွန်တော်တို့ကချင်ပြည်နယ်ထဲမှာ စောင့်ကြည့်ဖို့ အတွက် လျှောက်ထားတဲ့သူတွေ ဘယ်သူတွေရှိတယ်။ ဘယ်အဖွဲ့အစည်းကရှိတယ်ဆိုတဲ့ဟာကို သူဆီမှာလျှောက်ထားတာရှိလို့ရှိရင်တော့ ကျွန်တော် တို့ဆီကိုအကြောင်းကြားပေးပါတယ်ဗျ လောလောဆယ်တော့ရောက်ရှိလာခြင်းမရှိသေးပါဘူး ”  ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ လေ့လာစောင့်ကြည့်လိုသည့် အရပ်ဘက်အဖွဲ့အစည်းများ အနေဖြင့် ရွေးကောက်ပွဲကျင်းပရန် ၁ လအလိုထိ စောင့်ကြည့်ခွင့်လျှောက်ထားနိုင်ကြောင်း သိရသည်။

ရွေးကောက်ပွဲဆိုင်ရာစောင့်ကြည့်လေ့လာသည့်အဖွဲ့အစည်းများရှိနေသဖြင့် ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ၊ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများအား လျှော့ချပေးနိုင်မည့်အပြင် ရွေးကောက်ပွဲတစ်ခု၏ ပွင့်လင်းမြင် သာရှိမှုကိုလည်း ချပြပေးနိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် ကပြောသည်။

“ ရွေးကောက်ပွဲတစ်ခုမှာ စောင့်ကြည့်လေ့လာတဲ့ အရပ်ဖက်အဖွဲ့အစည်းများပါဝင်စောင့်ကြည့်လို့ရအောင်၊ လွယ်လွယ်ကူကူစောင့်ကြည့်လို့ရအောင် ဖိတ်ခေါ်တာမျိုး။ မဲဆန္ဒရှင်အသိပညာပေးကအရေးကြီးတယ်။ တစ်ချိန်ထဲမှာပဲ စောင့်ကြည့်လေ့လာရေးကလည်းအရေးကြီးတယ်ဆိုတော့ နှစ်ခုစလုံးကိုဖိတ်ခေါ်ဖို့လိုတယ်” ဟု၎င်းကဆိုသည်။

မဲဆန္ဒရှင်ဦးရေ ၁.၈ သန်းကျော်ရှိပြီး မဲရုံပေါင်း ၈၉၀ ခန့် ဖွင့်လှစ်ရန် လျာထားသည့်ကချင်ပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ၁၉ ပါတီရှိနေသည်။

COVID-19 ဖြစ်ပွားမှုရှိနေသော်လည်း ရွေးကောက်ပွဲကို လာမည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly