မြန်မာ ထိုင်းနှင့် ပါကစ္စတန်တွင် စစ်ရေးခြေကုပ်ယူရန် တရုတ် ရည်မှန်းနေဟု အမေရိကန် ပြော

မြန်မာ ထိုင်းနှင့် ပါကစ္စတန်တွင် စစ်ရေးခြေကုပ်ယူရန် တရုတ် ရည်မှန်းနေဟု အမေရိကန် ပြော

စက်တင်ဘာ ၃

 အိန္ဒိယသမုဒ္ဒရာ၏ နေရာအများစုကို လွှမ်းခြုံဖြန့်ကြက်နိုင်မည့် ထောက်ပံ့ရေး (logistics) ကွန်ရက်တစ်ခု ထူထောင်ရန် တရုတ်တို့ ကြိုးပမ်းနေသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁ ရက်တွင် ကွန်ဂရက်သို့ တင်ပြသော တရုတ်စစ်ရေးပါဝါနှင့်ပတ်သက်သည့် ယင်း၏ တစ်နှစ်တာ အစီရင်ခံစာထဲတွင် ဖော်ပြထားသည်။

တရုတ်သည် မြန်မာ၊ ထိုင်း၊ စင်ကာပူ၊  အင်ဒိုနီးရှား၊ ပါကစ္စတန်၊ သီရိလင်္ကာအပြင် အာဖရိကနှင့် ဗဟိုအာရှရှိ အခြားနိုင်ငံများကို စစ်ဘက်ဆိုင်ရာ ထောက်ပံ့ဖြည့်ဆည်းရေး ဆိုင်ရာ တည်နေရာများအဖြစ် ရှုမြင်စဉ်းစားထား ဖွယ် ရှိကြောင်း စာမျက်နှာ ၂၀၀ ပါ “၂၀၂၀ ခုနှစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပတ်သက်သည့် စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ အသစ်တိုးတက်ဖြစ်ပေါ်မှုများ” ဆိုသည့် အစီရင်ခံစာထဲတွင် ပါရှိသည်။

အစီရင်ခံစာထဲတွင် ထိုကဲ့သို့ စောင့်ကြည့်လေ့လာအကဲဖြတ်ချက်တစ်ရပ် ထည့်သွင်းပါဝင်လာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် think tank (နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး အကြံပေးအဖွဲ့) American Enterprise Institute မှ research fellow တစ်ဦးဖြစ်သည့် Zack Cooper က AEI အွန်လိုင်းဆွေးနွေးပွဲတစ်ခုတွင် ပြောသည်။

တရုတ်သည် နမီးဘီးယား၊ ဗန်နူအာတူ နှင့် ဆော်လ်မွန် ကျွန်းစုတို့ကို ချဉ်းကပ်မှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း အစီရင်ခံစာတွင် မှတ်ချက်ပေးထားသည်။

အဆိုပါ အစီရင်ခံစာအသစ်သည် “တရုတ်၏ ကမ္ဘာအနှံ့ ပြုမူလုပ်ဆောင်လိုသည့် သဘောဆန္ဒ” အပေါ် အလေးပေးထားကြောင်း ပင်တဂွန်အမှုထမ်းဟောင်းတစ်ဦးဖြစ်သည့် Cooper က ပြောသည်။

အိန္ဒိယသမုဒ္ဒရာတစ်ဝန်း ပေကျင်း၏ ပါဝါပြသမှု ရည်မှန်းချက်များအပေါ် ဝါရှင်တန်၏ ယုံကြည်မှုက ၂၀၁၇ ခုနှစ်တွင် အာဖရိကဦးချိုဒေသရှိ ဂျီဘူတီနိုင်ငံတွင် တရုတ်တို့ ယင်း၏ ပထမဆုံးသော အမြဲတမ်း ပြည်ပစစ် အခြေစိုက်စခန်းတစ်ခု မည်ကဲ့သို့ ဖွင့်လှစ်ခဲ့သည် ဆိုသည်ကနေ အရင်းခံ အစပြုသည်။

ဂျီဘူတီစခန်းနေရာသည် လက်ရှိအချိန်အထိ တရုတ်၏ တစ်ခုတည်းသော ပြည်ပ စစ်အခြေစိုက်စခန်းဖြစ်သည်။ ယင်းစခန်းသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးမှုနှင့် လိုက်ပါစောင့်ရှောက်မှု မစ်ရှင်များကဲ့သို့ ရည်ရွယ်ချက်များအတွက် ထောက်ပံ့ရေး အခြေစိုက်စခန်းတစ်ခုသာ ဖြစ်သည်ဟု ပေကျင်းက ညွန်းဆိုထားသည်။

အာဖရိကရှိ အကြမ်းဖျင်းရှိနေသော တရုတ်နိုင်ငံသား တစ်သန်းခန့်၊ အရှေ့အလယ်ပိုင်းရှိ တရုတ်နိုင်ငံသား ငါးသိန်းခန့်နှင့် ဒေသတွင်း တရုတ်၏ ရင်းနှီးမြုှပ်နှံမှုများနှင့် အခြေခံအဆောက်အအုံတို့အပေါ် ထိခိုက်သက်ရောက် စေသည့် အရေးပေါ်ကိစ္စများကို စစ်ရေးအရ တုံ့ပြန်ရပါက အဆိုပါ ဂျီဘူတီ စစ်အခြေစိုက်စခန်းက ပေကျင်းကို ထောက်ပံ့ရေးလုပ်နိုင်စွမ်းတစ်ခု ပံ့ပိုးပေးမည်ဟု ပင်တဂွန် အစီရင်ခံစာတွင် ပြောသည်။

ထို့ပြင် ကမ္ဘောဒီးယားကလည်း ယင်း၏ ရေတပ်အခြေစိုက်စခန်းတစ်ခုကို တရုတ် စစ်တပ်ကို အသုံးပြုခွင့်ပေးရန် ပေကျင်းနှင့်အကြား လျှို့ဝှက်သဘောတူညီချက်တစ်ခု လက်မှတ်ထိုးထားသည်ဟု အမေရိကန်က ယုံကြည်နေ သည်။ သို့သော် ယင်းကို အာရှနိုင်ငံနှစ်ခုစလုံးက လူသိရှင်ကြား ငြင်းဆန်ထားကြောင်း အစီရင်ခံစာတွင် ပြောသည်။

ငြိမ်းချမ်းသော ယဉ်ကျေးမှုနှင့် သမိုင်းဆိုင်ရာ အစဉ်အလာတစ်ခုကို ကိုးကားပြီး ကြီးစိုးလွှမ်းမိုးမှုနှင့် နယ်ချဲ့ထွင်မှုကို မည်သည့်အခါမှ ကြိုးပမ်းမည်မဟုတ်ဟု တရုတ်က ထပ်တလဲလဲ ပြောထားသည်။

အလားတူ အိန္ဒိယသမုဒ္ဒရာတစ်ဝန်း အရပ်ဘက် ဆိပ်ကမ်းများရှိ တရုတ်၏ ရင်းနှီးမြုှပ်နှံမှုများကိုလည်း နောင်တစ်နေ့နေ့တွင် တရုတ်ရေတပ်က အသုံးပြုကောင်းပြုလာနိုင်သည့် အဓိကကျသည့် တည်နေရာများရှိ မဟာဗျူ ဟာကျ ခြေကုပ်နေရာများ ထူထောင်မည့် “ပုလဲသွယ်” မဟာဗျူဟာအဖြစ် ပြောဆိုမှုများ ရှိထားခဲ့သည်။ ယင်းကဲ့သို့သော မဟာဗျူဟာတစ်ရပ် ရှိထားသည်ဆိုသည်ကို တရုတ်တို့က အသိအမှတ်ပြုလက်ခံခြင်း မရှိသော်လည်း ယင်းသည် ဖြစ်နိုင်ဖွယ် ပြိုင်ဘက် အိန္ဒိယ ကို ဝိုင်းပတ်ထားရန် ကြိုးပမ်းမှုတစ်ခုအဖြစ် အကဲဖြတ်များက ရှုမြင်ထားကြသည်။

ပင်တဂွန် အစီရင်ခံစာတွင် မှတ်ချက်ပြုထားသည့် အသစ်တိုးတက်ပေါ်ပေါက်မှုများက နိုင်ငံခြားတိုင်းပြည်များတွင် စစ်ရေးခြေကုပ်နေရာများ ဖန်တီးမည့် ပိုမိုတိုက်ရိုက်ကျသော ကြိုးပမ်းမှုတစ်ခုကို ပြသနေသည်။

ထို့ပြင် ပေကျင်းသည် ယင်း၏ နျူကလီးယား ထိပ်ဖူးသိုလှောင်ထားမှုပမာဏကိုလည်း လက်ရှိ ခန့်မှန်းလယ်ဗယ်ဖြစ်သည့် ၂၀၀ ခန့်ကနေ လာမယ့် ဆယ်စုနှစ်အတွင်း အနည်းဆုံး နှစ်ဆ တိုးမြှင့်လိမ့်မည်ဟု ပင်တဂွန် အစီရင် ခံစာတွင် ပြောသည်။ ထို့ပြင် အရပ်ဘက်ဝန်ဆောင်မှုနှင့် ထောက်ပံ့ပို့ဆောင်မှုဆိုင်ရာ လုပ်နိုင်စွမ်းများကို စစ်ရေးရည်ရွယ်ချက်များအတွက် မြှင့်တင်အားဖြည့်မှု ပါဝင်သည့် တရုတ်၏ စစ်ဘက်-အရပ်ဘက် ပေါင်းစပ်မှု မဟာဗျူ ဟာနှင့်ပတ်သက်၍လည်း ယင်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly