ရန်ကုန်မှ နေပြည်တော်သို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းအများစု ယာယီရပ်နား

ရန်ကုန်မှ နေပြည်တော်သို့ ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းအများစု ယာယီရပ်နား
ဓာတ်ပုံ - သူရ / မဇ္ဈိမ

စက်တင်ဘာ ၃ရက်

နေပြည်တော်သို့ လာရောက်သူများ ရောဂါပိုး ရှိမရှိ စစ်ဆေးပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ရက်နေ့က ထုတ်ပြန်ခဲ့ပြီးနောက် ရန်ကုန်မှ နေပြည်တော်သို့ သွားရောက်မည့် ခရီးသည်များမရှိသည့် အတွက် ပြေးဆွဲနေသည့် အဝေးပြေးယာဉ်လိုင်းအများစု ယာယီရပ်နားထားကြောင်း သိရသည်။  

"နေပြည်တော်ဝင်တယ်ဆိုရင် ကွာရန်တင်းဝင်ရမယ်ဆိုတော့  မော်တော်ယာဉ်တွေက အားလုံးရပ်နားကုန်တာပေါ့နော်။ နေပြည်တော်က ဒီလို တားမြစ်လိုက်တဲ့အတွက် မော်တော်ယာဉ်တွေ မထွက်ကြတော့တာတော့ အမှန်ပါ ပဲ။ နေပြည်တော်ကဖြေလျှော့ပေးရင်တော့ ဖြေလျှော့ပေးသလို ပြန်လည်ပြေးဆွဲကြမှာပါ" ဟု အောင်မင်္ဂလာအဝေးပြေး နယ်မြေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဝင်းက ပြောသည်။

နေပြည်တော်သို့ ပြေးဆွဲမှုယာယီရပ်နားသည့် ယာဉ်လိုင်း ၁၅ လိုင်းကျော်ရှိပြီး ရွှေမန္တလာ၊JJ ၊ မန္တလာမင်း၊ ရွှေစင်စင်္ကြာ ယာဉ်လိုင်းများလည်း ပါဝင်သည်။

နေပြည်တော်သို့ အကြောင်းကြောင်းကြောင့် လာရောက်လိုသူများအနက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် လာရောက်ဆက်သွယ်‌ေဆာင်ရွက်ရန်  အကြောင်းကြားစာရရှိသည့် သူများမှ လွဲ၍ မည်သူမဆို ဓာတ်ခွဲစစ်ဆေးခြင်းအတွက် ကုန်ကျစရိတ်များအား ကာယကံရှင်မှ ကျခံရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည့်အတွက် နေပြည်တော်သို့ သွားရောက်မည့် ခရီးသည်များ နည်းပါးသွားကြောင်း သိရ သည်။

"ခရီးသည်မရှိရင်တော့ ရပ်မှာပဲလေ။ အရှုံးခံပြီးတော့ မဆွဲကြဘူးဗျ။ နိုင်ငံတော်က ချမှတ်ထားတာတော့ မရှိဘူး။ ခရီးသည်မရှိဘူးဆိုရင်တော့ မဆွဲဘူး။ ခရီးသည်ရှိမှ ဆွဲတာ" ဟု မန္တလာမင်းယာဉ်လိုင်းမှ ဂိတ်မှူးက ဆိုသည်။

ရောဂါဖြစ်ပွားရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များရှိ Stay at Home သတ်မှတ်ထားသည့် မြို့နယ်များတွင် နေထိုင်သူများအနေဖြင့် နေပြည်တော်သို့ လာရောက်ရန် ခေါ်ယူသည့် အကြောင်းကြားစာမပါသူများသည် နေပြည်တော်ကောင်စီက သတ်မှတ်ထားသည့် Community Based Facility Quarantine နေရာတွင် ၁၄ ရက်နေထိုင်ရမည်ဖြစ်သည်။

ထို့အပြင် ဓာတ်ခွဲနမူနာ ၂ ကြိမ် စစ်ဆေးပြီး ရောဂါပိုးမတွေ့ပါက Home Quarantine သို့မဟုတ် Community Based Facility Quarantine နေရာ၌ ၇ ရက်နေထိုင်ပြီးမှသာ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly