အိန္ဒိယ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်မှ ရေရှည်နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူများကို မလေးရှားဝင်ရောက်ခွင့်တားမြစ်

အိန္ဒိယ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်မှ ရေရှည်နေထိုင်ခွင့်လက်မှတ်ကိုင်ဆောင်ထားသူများကို မလေးရှားဝင်ရောက်ခွင့်တားမြစ်

စက်တင်ဘာ ၂

မလေးရှားအစိုးရသည် အိန္ဒိယ၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ ရေရှည်နေထိုင်ခွင့်လက်မှတ်ရရှိထားသူများကို စက်တင်ဘာလ ၇ ရက်မှစ၍ နိုင်ငံတွင်းဝင်ရောက်ခွင့်တားမြစ်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁ ရက်၌ ကြေညာလိုက်သည်။

အဆိုပါသုံးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်တက်လာသဖြင့် ထိုသို့ ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး Ismail Sabri Yaakob က ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။  

အဆိုပါတားမြစ်ချက်သည် အမြဲနေထိုင်ခွင့် (PR) ရရှိထားသူများ၊ ၁၀ နှစ်သက်တမ်းရှိသည့် MM2H ဗီဇာကိုင်ဆောင်ထားသူများ၊ ပြည်ပနေသူများ၊ နေထိုင်ခွင့်ဗီဇာကိုင်ဆောင်ထားသူများ၊ အိမ်ထောင်ဖက်များအတွက် ဗီဇာ နှင့် ကျောင်းသားဗီဇာကိုင်ဆောင်ထားသူများ အကျုံးဝင်မည်ဖြစ်သည်။  

ပြီးခဲ့သည့်တနင်္ဂနွေနေ့က မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇ ဦးအနက် ၁၅ ဦးမှာ ပြည်ပမှ ဝင်ရောက်သူများဖြစ်သည်။ အဆိုပါ ၁၅ ဦးတွင် ၁၂ ဦးမှာ အိန္ဒိယမှ ဝင်ရောက်လာသည့် မလေးရှားနှင့် နိုင်ငံခြားသား များဖြစ်သည်။

ယနေ့ချိန်အထိ မလေးရှားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၉ ၃၀၀ ကျော်နှင့် သေဆုံးသူ ၁၂၈ ဦးရှိသည်။  

တနင်္လာနေ့က အိန္ဒိယတွင် ကိုရိုနာကူးစက်သူ ၇၈ ၅၁၂ ဦးရှိခဲ့ကာ တစ်ကမ္ဘာလုံး၌ တစ်နေ့တာ ကူးစက်မှု အမြင့်မားဆုံးနေ့ဖြစ်ခဲ့သည်။ ဖိလစ်ပိုင်တွင် တစ်ရက်တာကူးစက်မှု ၃ ၄၄၆ ဦးတွေ့ရှိပြီးနောက် သမ္မတရော့ဒရီဂိုဒူတာ ဒေးက ကိုဗစ်-၁၉ ဆိုင်ရာ တစ်စိတ်တစ်ပိုင်းကန့်သတ်ပိတ်ဆို့မှုကာလကို တစ်လ ထပ်မံတိုးချဲ့ခဲ့သည်။  

အင်ဒိုနီးရှားတွင် စက်တင်ဘာ ၁ ရက်က ရောဂါကူးစက်ခံရသူ ၂ ၇၄၃ ဦး ရှိခဲ့ပြီး  စုစုပေါင်း ၁၈၀ ၀၀၀ ထက်မနည်းရှိကာ သေဆုံးသူ ၇ ၆၁၆ ဦးရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly