ဟောင်ကောင်တွင် ပြည်သူအများကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု စတင်

ဟောင်ကောင်တွင် ပြည်သူအများကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု စတင်

စက်တင်ဘာ ၁

ဟောင်ကောင်တွင် ပြည်သူအများကို ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးပေးမှုကို စက်တင်ဘာ ၁ ရက်တွင် စတင်လုပ်ဆောင်နေပြီဖြစ်သည်။

လူအများအပြားက ဒေသအာဏာပိုင်ခေါင်းဆောင်များနှင့် တရုတ်အပေါ် မယုံကြည်မှုများ နက်နက်ရှိုင်းရှိုင်း ဖြစ်ပေါ်နေဆဲဖြစ်သည့် ဟောင်ကောင်တွင် အဆိုပါ ဗိုင်းရပ်စ် စစ်ဆေးမှု ကျန်းမာရေးအစီအစဉ်က နိုင်ငံရေးဆိုင်ရာ ငြင်းခုံဆွေးနွေးမှုများအတွင်း လူအများ၏ အာရုံကို ဆွဲဆောင်နိုင်သည့် ကိစ္စလည်း ဖြစ်နေခဲ့သည်။

မိမိသဘောဆန္ဒအလျောက် ပါဝင်အစစ်ခံမည့်သူများကို စမ်းသပ်စစ်ဆေးပေးသွားမည့် ယင်းအစီအစဉ်က ဇွန်လကုန်တွင် စတင်ဖြစ်ပွားခဲ့သည့် ဗိုင်းရပ်စ် ကူးစက်မှုများကို ထိန်းချုပ်ရေး ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသလည်း ဖြစ်သည်။

ဗိုင်းရပ်စ် ကူးစက်မှုများကြောင့် လူနေသိပ်သည်းသော အဆိုပါ မြို့တွင် စီးပွားရေးအရ ထိခိုက်စေသော social distancing (သီးခြားခပ်ခွာခွာနေမှု) အစီအမံများကို ပြန်လည်ချမှတ်ခဲ့ရသည်။

အဆိုပါ လူအများအပြားကို ဗိုင်းရပ်စ် ရှိမရှိ စစ်ဆေးမည့် အစီအစဉ်တွင် တရုတ်ပြည်မကြီးမှ ဗိုင်းရပ်စ်စစ်ဆေးမှု ကုမ္ပဏီများ၊ ဆရာဝန်များ ပါဝင်ပတ်သက်နေမှုကြောင့် အကန့်အသတ်ရှိ တုံ့ပြန်မှုတစ်ခုဖြင့် အဟန့်အတား ဖြစ်ထားခဲ့သည်။

ထို့ပြင် ပေကျင်းအာဏာပိုင်တို့က ဟောင်ကောင်၏ ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ဖြိုခွင်းနေစဉ် ယခု ကျန်းမာရေးအစီအစဉ်အောက်တွင် ဒေတာအချက်အလက်များ၊ DNA ဆိုင်ရာ အချက်အလက်များ စုဆောင်းခံရမည့်အပေါ် အများပြည်သူ စိုးရိမ်ပူပန်မှုများကိုလည်း ဖြစ်ပေါ်ထားစေခဲ့သည်။

ယင်းအစီအစဉ်အတွက် စာရင်းပေးသွင်းမှုကို စနေနေ့က စတင်ခဲ့ရာ အခမဲ့ စစ်ဆေးမှုခံယူရန် စာရင်းပေးသူ ၅၁၀,၀၀၀ ခန့် ရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly