အိန္ဒိယတွင် တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကမ္ဘာ့စံချိန်တင် မြင့်တက်

အိန္ဒိယတွင် တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကမ္ဘာ့စံချိန်တင် မြင့်တက်

သြဂုတ် ၃၀ 

အိန္ဒိယနိုင်ငံတွင် တစ်ရက်တည်းအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း ကမ္ဘာ့အမြင့်ဆုံးအဖြစ် မြင့်တက်ခဲ့ကြောင်း သြဂုတ် ၃၀ ရက်တွင် တာဝန်ရှိသူများက ထုတ်ပြန်သည်။ 

ယခုအခါ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ဗဟိုချက်သည် တောင်အာရှနိုင်ငံသို့ ကူးပြောင်းလာချိန် ယခုကဲ့သို့ မနှစ်မြို့ဖွယ်ရာ မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ခြင်း ဖြစ်သည်။ 

အိန္ဒိယနိုင်ငံ၏ ပြီးခဲ့သည့် ၂၄ နာရီအတွင်း တွေ့ရှိခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇၈,၇၆၁ ဦးသည် ပြီးခဲ့သည့် ဇူလိုင် ၁၆ ရက်က အမေရိကန်တွင် မှတ်တမ်းတင်ထားခဲ့သည့် ၇၇,၂၉၉ ဦးထက် ကျော်လွန်သွားခဲ့ကြောင်း ရိုက်တာ၏ တရားဝင် ဒေတာအချက်အလက်များက ပြသနေသည်။ 

ယခုအခါ ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံး နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ ဒသမ ၅၄ သန်း ရှိနေပြီး ကမ္ဘာပေါ်တွင် အမေရိကန်နှင့် ဘရာဇီးပြီးလျင် ဗိုင်းရပ်စ် ကူးစက်မှုဒဏ် တတိယမြောက် အဆိုးဝါးဆုံး ခံနေရသည့် နိုင်ငံ ဖြစ်သည်။ 

တချိန်တည်းမှာပင် အိန္ဒိယတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူဦးရေ ၉၄၈ ဦး ထပ်တိုးပြီး စုစုပေါင်း ၆၃,၄၉၈ ဦး ရှိနေကြောင်း ဖက်ဒရယ် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

အိန္ဒိယ၏ အကြွယ်ဝဆုံးနှင့် မြို့ပြပုံစံအထွန်းကားဆုံး ပြည်နယ် မဟာရက်ရှ်ထရာတွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၃၃၁ ဦး ထပ်တိုးခဲ့ပြီး ယင်းက ပြည်နယ်အားလုံးထဲတွင် တစ်ရက်တည်းအတွင်း သေဆုံးမှုနှုန်း အများဆုံး မြင့်တက်မှုလည်း ဖြစ်ခဲ့သည်။ 

ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေသော်ငြား အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီသည် ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများကို သက်သာလျော့ပါးစေရေးအလို့ငှာ အခြေအနေ ပုံမှန်ပြန်ဖြစ်စေရေး တွန်းအားပေးနေလျက် ရှိသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly