ဆွီဒင်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား ဆုကို အီဗရာဟီမိုဗစ်ချ် ၁၀ ကြိမ်မြောက် ရရှိ

ဆွီဒင်တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား ဆုကို အီဗရာဟီမိုဗစ်ချ် ၁၀ ကြိမ်မြောက် ရရှိ

နိုဝင်ဘာ ၁၁၊ ဆွီဒင် ။              ။ ပီအက်စ်ဂျီတိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်သည် ဆွီဒင်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ၁၀ ကြိမ်မြောက် ဆွတ်ခူး ရရှိသွားခဲ့သည်။ မိုဗစ်ချ်သည် ထိုဆုကို ၂၀၀၅ ခုနှစ်က ပထမဆုံး စတင်ရရှိခြင်းဖြစ်ပြီး ၂၀၀၇ ခုနှစ်က စတင်ကာ ၂၀၁၅ အထိ ကိုးနှစ်ဆက်တိုက် ရရှိခြင်းဖြစ်သည်။

ဆွီဒင်တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုအတွက် ၂၀၀၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ နောက်ဆုံး ၁၆ ကြိမ်တွင် မိုဗစ်ချ်က ၁၀ ကြိမ်ရရှိပြီး အာဆင်နယ်ကွင်းလယ်ကစားသမားဟောင်း လီယွန်းဘာ့ဂ်က နှစ်ကြိမ်၊ မန်ယူ၊ ဘာစီလိုနာနှင့် ဆဲလ်တစ်တိုက်စစ်မှူးဟောင်း ဟင်းနရစ်လာဆင်၊ မဲလ်ဘတ်၊ အန်ဒါဆင်နှင့် ဟတ်မန်းတို့က တစ်ကြိမ်စီရရှိခဲ့ကြသည်။

မိုဗစ်ချ်သည် ပြီးခဲ့သည့်ရာသီက ပီအက်စ်ဂျီအသင်းအတွက် ၃၅ ပွဲတွင် ဂိုး ၃၀ သွင်းယူပေးခဲ့ပြီး ပြင်သစ်လိဂ်-၁ ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ထိုဆုမှာ ၎င်း၏ကစားသမားဘဝတစ်လျှောက် ၁၂ ကြိမ်မြောက် အမှတ်ပေးချန်ပီယံဆုလည်းဖြစ်သည်။

မိုဗစ်ချ်သည် ၂၀၁၆ ယူရိုခြေစစ်ပွဲတွင်လည်း ဆွီဒင်နိုင်ငံအတွက် အကောင်းဆုံးစွမ်းဆောင်ပေးနိုင်သည့်အတွက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခြင်းဖြစ်သည်။ ဆွီဒင်အသင်းမှာ ဒိန်းမတ်အသင်းနှင့် ယခုလာမည့်တစ်ပတ်အတွင်း ယူရို ခြေစစ်ပွဲ Play off ပွဲစဉ်နှစ်ပွဲ ယှဉ်ပြိုင်ရဦးမည် ဖြစ်သည်။

ဆုယူအပြီးတွင် မိုဗစ်ချ်က 'ဒိန်းမတ်အသင်းနဲ့ အလွန်ခက်ခဲတဲ့ ယူရို ခြေစစ်ပွဲ Play off ပွဲစဉ်နှစ်ပွဲကို ကစားဖို့ ကျန်ရှိနေပါသေးတယ်။ ကျွန်တော်တို့အားလုံး ၁၀၀ ရာခိုင်နှုန်းအပြည့် ပေးစပ်ဖို့ လိုအပ်ပါတယ်။ ဒါက ယူရိုပြိုင်ပွဲကို ယှဉ်ပြိုင်ခွင့်ရမယ့် လျှို့ဝှက်ချက်ပါပဲ' ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly