အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိသော်လည်း ထီဖွင့်ပွဲအားရွှေ့ဆိုင်မည်မဟုတ်

အောင်ဘာလေသိန်းဆုဌာနခွဲတွင် ကိုဗစ်အတည်ပြုလူနာတွေ့ရှိသော်လည်း ထီဖွင့်ပွဲအားရွှေ့ဆိုင်မည်မဟုတ်

သြဂုတ် ၂၉ရက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ရုံးမှ အငယ်တန်းစာရေးတစ်ဦးတွင် COVID-19ရောဂါဖြစ်ပွားသော်လည်း စက်တင်ဘာ ၁ရက်နေ့တွင်ဖွင့်လှစ်မည် ထီဖွင့်ပွဲအား ရွှေ့ဆိုင်းသွားမည်မဟုတ်ကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

သြဂုတ်လ ၂၇ရက်နေ့ ညပိုင်းက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ အတည်ပြုလူနာအမှတ် ၅၉၉သည် အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ရုံးရှိ စတိုခန်းမှ အငယ်တန်းစာရေးတစ်ဦးဖြစ်ပြီး ၎င်းသည် လူနာ အမှတ် ၅၀၅နှင့် ထိတွေ့မှုရှိခဲ့သည့်အတွက် ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာတွင် ယခုကဲ့သို့ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

"ဘာအစီအစဉ်မှမရှိဘူး။ ပုံမှန်အတိုင်းသွားမှာပါ။ ပုံမှန်ပဲသွားနေပါတယ်။ တိုင်းကျန်းမာရေးကလည်း အသေးစိတ်စစ်ဆေးပြီးတော့ ပုံမှန်အတိုင်းသွားလို့ရတယ်ဆိုတဲ့အတွက်ကြောင့် ပုံမှန်အတိုင်းပဲ ဆောင်ရွက်နေပါတယ်"ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကဆိုသည်။

လက်ရှိတွင် အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ရုံးရှိ စတိုခန်းမှ ၎င်းဝန်ထမ်းနှင့် အလုပ်အတူတူလုပ်သည့် ဝန်ထမ်း၂၀ခန့်အား ကွာရန်တင်းထားရှိထားကြောင်း သိရသည်။

ထို့အပြင် ရုံးအတွင်းရှိ ဝန်ထမ်းအားလုံး၏ ဓာတ်ခွဲနမူနာကိုရယူစစ်ဆေးရန်အတွက် စီစဉ်နေကြောင်း သိရသည်။

"ဝန်ထမ်းတစ်ယောက်ဆေးရုံတက်တယ်။ ကိုဗစ် positiveတွေ့တယ်။ ပြီးတဲ့အချိန်မှာ တိုင်းကျန်းမာရေးကို သတင်းပို့တယ်။ တိုင်းကျန်းမာရေးအဖွဲ့ လာစစ်တယ်။ စစ်ပြီးတဲ့အခါမှာ ဖြစ်တဲ့ ဝန်ထမ်းလုပ်တဲ့နေရာက အောင်ဘာ လေရဲ့ ဂိုထောင်မှာဖြစ်တာ။ အဲ့ဂိုထောင်မှာဖြစ်တဲ့အတွက် တိုင်းကျန်းမာရေးကစစ်ဆေးပြီးတော့ အဲ့ဂိုထောင်မှာ တာဝန်ကျတဲ့ ဝန်ထမ်းစုစုပေါင်း ၂၀လောက်ရှိမှာပေ့ါ။ အဲ့ထဲကနေမှ သူတို့သေသေချာချာ မေးမြန်းပြီးတော့ တချို့တဝက်ကတော့ Facilities Quarantineနေရတယ်။ တချို့တဝက်ကတော့ Home Quarantine နေရတယ်။ ပြီးရင် အဲ့ဒီဂိုထောင်ကိုလည်း ပိုးသတ်ဆေးကို ၃ကြိမ်လောက်ရှိပြီ ဖြန်းပေးတယ်။ ကျန်တဲ့ ရုံးခန်း ဘက်က လူတွေကတော့ ပုံမှန်အတိုင်းပဲ ရုံးတက်လို့ရပါတယ်လို့ သူတို့က ညွှန်ကြားတယ်။ အဲ့တော့ ပုံမှန်နေမြဲအတိုင်း ရုံးတက် ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဦးမင်းထွဋ်က ပြောသည်။

အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ရုံးသည် လစဉ် ထီဖွင့်ပွဲပြုလုပ်ကာ ထီဆုငွေများအား ထုတ်ပေးနေသည့်ရုံးဖြစ်ပြီး စက်တင်ဘာ ၁ရက်နေ့တွင် ဖွင့်လှစ်မည် ထီဖွင့်ပွဲသည် (၁၉)ကြိမ်မြောက် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly