နှာခေါင်းစည်း မတပ်သူများကို ဖမ်းဆီးအရေးယူတော့မည်

နှာခေါင်းစည်း မတပ်သူများကို ဖမ်းဆီးအရေးယူတော့မည်
ဓာတ်ပုံ -  မေလ၊ ၂၆ ရက်နေ့ကမဟာဗန္ဓုလပန်းခြံရှေ့တွင် Mask မတပ်သူများကိုဖန်းဆီးခဲ့စဉ်။

ရန်ကုန်၊ သြဂုတ် ၂၇

ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်တွေမှာ အပြင်ကိုသွားလာတဲ့အခါ Mask မတပ်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ တင်းတင်းကျပ်ကျပ် ပြန်လည်လုပ်ဆောင်တော့မယ်လို့ ရန်ကုန်တိုင်းဒေသကြီး Covid ထိန်းချုပ်၊ တာဆီး၊ ကာကွယ်ရေး ကော်မတီ ဥက္ကဋ္ဌ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။  

 “ကျွန်တော်တို့ Maskတပ်တာနဲ့ ပတ်သတ်လို့ကတော့ အရင်ကတည်းက စာထွက်ထားတာတွေ ရှိတယ်လေ ပြန် ရုတ်သိမ်းထားတာလည်း မရှိသေးဘူး။အခုကျ သတိထပ်ပေးပြီး ပြည်သူတွေ နစ်နာမှုမရှိအောင် ဆောင်ရွက်မှာ ပြန်တင်းကျပ်မယ့် သဘောပေါ့”ဟု ၎င်းက ဆိုသည်။  

မြန်မာနိုင်ငံအတွင်း ရောဂါအတည်ပြုလူနာတွေရှိသူနှုန်းဟာ တဖြည်းဖြည်းများပြားလာတာကြောင့် ပြည်သူတွေအနေနဲ့သတိရှိရှိ နေထိုင်ဖို့ အခုလို ကြိုတင်ကာကွယ်မှုအပိုင်းကို စတင်ဆောင်ရွက်ရတာ ဖြစ်တယ်လို့  လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဆိုပါတယ်။  

ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေကိုလည်း အပြင်ထွက်ရာမှာ mask  မတပ်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်မှာ ဖြစ်ကြောင်း ရပ်ကွက်တွေမှာ လိုက်လံကြေညာခိုင်းထားပြီး လာမယ့် တနင်္လာနေ့ကနေ စတင်ကာ မြို့နယ်အလိုက် ဖမ်းဆီးအရေးယူမှုတွေကို စတင်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။  

ဖမ်းဆီးအရေးယူခံရသူတွေဟာ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေပုဒ်မ ၁၅အရ ဒဏ်ငွေ ကျပ် ၅၀၀၀ပေးဆောင်ရမှာ ဖြစ်ပါတယ်။  

ရခိုင်ပြည်နယ်မှာ ကိုဗစ် အတည်ပြုလူနာတွေ များပြားလာချိန်က စတင်ပြီး ရွှေပြည်သာနဲ့ တာမွေမြို့နယ်တွေမှာ Mask မတပ်သူတွေကို ဖမ်းဆီးအရေးယူမှုတွေ ပြန်လည်လုပ်ဆောင်လာခဲ့ပါတယ်။  

အဲ့လို ဖမ်းဆီးအရေးယူခဲ့ရာမှာတော့ ရွှေပြည်သာမြို့နယ်မှာ တစ်ရက်ကို ခန်းမှန်းခြေ လူဦးရေ အများဆုံး ၁၀၀ကျော်ထိ ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး အသက် ၁၈နှစ် မပြည့်သေးသူတွေကိုတော့ တရားရုံးကနေ ဒဏ်ကြေးပေးဆောင်စရာမလိုဘဲ တရားရုံးကနေ ပြန်လွှတ်ပေးခဲ့တယ်လို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်မင်းက ပြောပါတယ်။  

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ဦးဆောင်ပြီး  ဈေးတွေနဲ့ ဘတ်စ်ကားဂိတ်တွေမှာ mask ဝေငှတာ၊ အသိပညာပေးတာ စတဲ့ Mask ကမ်ပိန်းတွေကိုလည်း ပြုလုပ်သွားမယ်လို့ သိရပါတယ်။  

မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ ၅၈၆ဦး ရှိနေပြီ ဖြစ်ပြီး  ပိုးတွေရှိသူ အများဆုံး ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာတော့ ၁၈၀ကျော် ရှိပြီ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly