စင်ကာပူ၌ COVID-19 ထပ်မံ ကူးစက်သူ လူ ၆၀ ရှိ 

သြဂုတ် ၂၇ 

စင်ကာပူနိုင်ငံ၌ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းအထိ COVID-19 အသစ်ထပ်မံကူးစက်သူပေါင်း ၆၀ ရှိရာ နိုင်ငံတွင် စုစုပေါင်း ကူးစက်ဖြစ်ပွားသူပေါင်း ၅၆၄၉၅ ဦးအထိ ရှိသွားပြီ ဖြစ်သည်။ 

အသစ်ကူးစက်သူများတွင် သုံးဦးမှာ အလုပ်သမားအဆောင်ဝင်းမှ ဖြစ်ပြီး ယင်းတို့အနက် တစ်ဦးက စင်ကာပူနိုင်ငံသားဖြစ်ကာ နှစ်ဦးမှာ အလုပ်ပါမစ်ဖြင့် နေထိုင်သူများ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။ 

အသစ်ကူးစက်သူများအနက် ပြည်ပမှ ပြန်လာသူ ဆယ်ဦး ပါဝင်ပြီး ၎င်းတို့ကို စင်ကာပူသို့ ရောက်ရှိချိန် အိမ်မှာပဲ နေရန် အမိန့်ဖြင့် ထားရှိထားခြင်း ဖြစ်ကြောင်း သိရသည်။ 

အလုပ်သမားအဆောင်ဝင်းမှ ကူးစက်သူသုံးဦးမှ တစ်ဦးသည် ရောဂါပိုးရှိသူနှင့် ထိတွေ့သည့် ရာဇဝင်မရှိကြောင်း သိရသည်။ အသက် ၆၆ နှစ်အရွယ် စင်ကာပူနိုင်ငံသား ယင်း လူနာသည် ဩဂုတ် ၁၆ ရက်က ရောဂါလက္ခဏာများ ပြပြီး ဩဂုတ် ၂၅ ရက်တွင် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိခြင်း ဖြစ်သည်။ 

အဆိုပါ အဆောင်ဝင်းတွင် ဆရာဝန်တစ်ဦး စစ်ဆေးချက်၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာများ ပြသည့် အသက် ၁၃ နှစ်မှ အထက် လူအားလုံးကို တစ်ဦးချင်းအလိုက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခဲ့ရာမှ ယခု လူနာထံ၌ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခြင်း ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 

ကျန်နှစ်ဦးကမူ ယခင် COVID-19 ကူးစက်မှုနှင့် ထိတွေ့ဆက်ဆံမှု ရှိထားသူများဖြစ်ပြီး ၎င်းတို့ကို အစောကတည်းက ရောဂါခြေချုပ်ဖြင့် ထားရှိထားခြင်း ဖြစ်သည်။ ယင်း လူနာနှစ်ဦးစလုံးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ကြကာ ရောဂါခြေချုပ် ထားရှိချိန် စစ်ဆေးမှု၌ ရောဂါလက္ခဏာ မပြကြပေ။ 

အဆိုပါ အလုပ်သမား အဆောင်ဝင်းများ၌ ကိုရိုနာဗိုင်းရပ်စ် အသစ်ကူးစက်မှုများသည် ကုန်လွန်ခဲ့သည် နှစ်ပတ်အတွင်း တစ်ရက်လျှင် လူနှစ်ဦးနှုန်း ကူးစက်မှု ရှိနေသည်ဟု ဝန်ကြီးဌာနက ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly