လက်နက်ကြီးကျ၍ ကောက်စိုက်ပြန် အမျိုးသမီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

လက်နက်ကြီးကျ၍ ကောက်စိုက်ပြန် အမျိုးသမီး ၁ ဦးသေ၊ ၃ ဦး ဒဏ်ရာရ

စစ်တွေ၊ သြဂုတ် ၂၇ ရက်

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်  အပေါက်ဝတိုက်နယ်တွင် သြဂုတ်လ ၂၇ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးကျည်ပေါက်ကွဲလွင့်စင်မှုကြောင့် ကောက်စိုက်၍ ပြန်လာသည့်  အမျိုးသမီးတစ်ဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့သည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးလုပ်ဆောင်ပေးသူများက ပြောသည်။

ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က ကျေးရွာကအနီးက မီးရထားလမ်းတွင် ဆိုင်ကယ်နှင့်လူငယ်တစ်ဦးကို ရွာအတွင်းလုံခြုံရေးယူထားသည့် တပ်မတော်စစ်ကြောင်းက လက်နက်ကြီးနှင့်ပစ်ခတ်ရာ လွဲချော်ပြီး အခြားတစ်ဘက်တွင် ပေါက်ကွဲမှုဖြစ်ရာက ကျည်စလွင့်စင်မှုကြောင့်  ကောက်စိုက်၍ ပြန်လာကြ သည့် အမျိုးသမီးတစ်စုတွင်းမှ လေးဦး
ဒဏ်ရာရသွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
 
ယင်းနောက် ဒဏ်ရာရသူများကို ကျောက်တော်မြို့နယ်ဆေးရုံသို့ ယာဉ်ငယ်တစ်စီးဖြင့် တင်ဆောင်ခဲ့သည်။ တစ်ဦးမှာ ဝမ်းဗိုက်တွင်ရရှိသော ဒဏ်ရာပြင်းထန်သဖြင့်  စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယူဆောင်ရန် ပြင်ဆင်နေကြချိန်မှာပင် သေဆုံးသွားကြောင်း အကူညီပေးနေသူများက ဆိုသည်။ သေဆုံးသွားသူမှာ အပေါက်ဝတိုက်နယ် ချောင်းဖျားကျေးရွာမှ ဒေါ်ဘုမ (အသက် ၄၀) ဖြစ်သည်။
 
ဖြူစင်မေတ္တာပရဟိတအဖွဲ့ ဥက္ကဌ ဦးညီပုက “နာရေးကိစ္စကိုတော့ ကျနော်တို့ မနက်ဖန်မှပဲ စီစဉ်ရတော့မှာပါ။”ဟု ပြောသည်။

ဒဏ်ရာရရှိသူများမှာ  အသက် ၃၀ အရွယ် ဒေါ်အေးသိန်းကျော့၊ ၅၇ နှစ်အရွယ် ဒေါ်မမဲကြည်နှင့် အသက် ၂၀ ဝန်းကျင်ရှိ  မမစိန်ကျော့တို့ဖြစ်သည်။
 
ယခုသတင်းနှင့် ပတ်သတ်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ပေမဲ့ လက် ခံဖြေကြားခြင်း မရှိခဲ့ပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly