အိန္ဒိယ၌ လော့ဒေါင်းကာလအတွင်း ခွေးမွေးစားသူ များပြားလာ

အိန္ဒိယ၌ လော့ဒေါင်းကာလအတွင်း ခွေးမွေးစားသူ များပြားလာ

ဩဂုတ် ၂၇ 

နှစ်စဉ် ဩဂုတ်လ ၂၆ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာခွေးများနေ့ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ်လော့ဒေါင်းကာလအတွင်း အထီးကျန်စွာဖြတ်သန်းရတဲ့နေ့ရက်တွေကို ဖြေရှင်းဖို့ လူတွေရဲ့အကောင်းဆုံးမိတ်ဆွေဖြစ်တဲ့ ခွေးတွေကို မွေးစားတဲ့သူ များလာပါတယ်။ 

အိန္ဒိယမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ သုံးသန်းကျော်လာချိန်မှာ  လော့ဒေါင်းတွေချမှတ်ထားတာကြောင့် အိမ်တွင်းပုန်းတဲ့သူပိုများလာပြီး အရင်က တိရစ္ဆာန်ကြောက်တတ်တဲ့သူတွေဟာလည်း အိမ်မွေးတိရစ္ဆာန်တွေကို အဖော်အဖြစ် ရှာဖွေလာခဲ့ကြပါတယ်။  

အတော်များများက မျိုးကောင်းမျိုးသန့်ခွေးမွေးချင်ကြပြီး လူငယ်တွေကတော့ စပ်မျိုးခွေးတွေကို ပိုမွေးချင်ကြတယ်လို့ ခွေးစောင့်ရှောက်ရေးဂေဟာ ပိုင်ရှင်တွေက ပြောပါတယ်။ 

 ခွေးလေးတွေကို ဝယ်ယူရရှိနိုင်တဲ့ Fur Ball Story  ဆိုင်က ဆိုင်ပိုင်ရှင် အာနီမက်ရှ် က “အရင်တုန်းကတော့ ခွေးမွေးစားချင်တဲ့လူ တော်တော်ရှားတယ်။ ခုတော့ အိန္ဒိယက ကုမ္ပဏီအတော်များများက ဝန်ထမ်းတွေကို ၂၀၂၁ မတ်လကုန်ထိ အိမ်ကနေပဲ အလုပ်လုပ်ခိုင်းထားကြတာ။ ဒါကြောင့် ခွေးမွေးလာတဲ့လူတွေများလာတယ်။ ကိုဗစ်ကာလမှာ စွန့်ပစ်ခံရတဲ့ခွေးတွေအတွက်တော့ ကောင်းသွားတာပေါ့။ အိမ်လိုအပ်နေတဲ့ လမ်းဘေးခွေးတွေအများကြီးရှိပါတယ်” လို့ပြောပါတယ်။  

ခွေးလေးတစ်ကောင်မွေးစားခဲ့တဲ့ ဆရာဝန်မတစ်ဦးဖြစ်သူ လက်ရှ်မီးဆွန်ဒါက  “ ကျွန်မသမီး က ခွေးလေးတစ်ကောင်မွေးထားချင်တယ်ဆိုလို့ သူ့မွေးနေ့မှာ လက်ဆောင်အဖြစ် ပေးခဲ့တာပါ။ အခု ခွေးလေးအဖော်ရှိတော့ သူလည်း‌ နေရတာ စိတ်ပြေလက်ပျောက်ရှိတယ်လေ။ ခွေးလေးနဲ့အတူ လမ်းအတူတူလျှောက်တာတွေလုပ်ပါတယ်” လို့ပြောပါတယ်။  

ဩဂုတ်လ ပထမလဝက်မှာပဲ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကနေ ခေါ်ယူမွေးစားခံရတဲ့ခွေး ၆၈ ကောင် ရှိခဲ့ပါတယ်။  

အိန္ဒိယမှာ လမ်းဘေးခွေးအရေအတွက် သန်း ၃၀ လောက်ရှိနိုင်တယ်လို့ ခန့်မှန်းရပြီး တိရစ္ဆာန်ချစ်သူတွေက စပ်မျိုးခွေးလေးတွေနဲ့ ပိုင်ရှင်မဲ့ခွေးလေးတွေကို မွေးစားကြဖို့ တိုက်တွန်းနေကြတာဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly