အိန္ဒိယ အဆောက်အအုံပြိုကျမှု ၁၆ ဦးသေဆုံး၊ ၉ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်

အိန္ဒိယ အဆောက်အအုံပြိုကျမှု ၁၆ ဦးသေဆုံး၊ ၉ ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်

ဩဂုတ် ၂၇ 

အိန္ဒိယနိုင်ငံမှာ ဩဂုတ် ၂၄ ရက်နေ့ညက ၅ ထပ်အဆောက်အအုံတစ်လုံး ပြိုကျခဲ့တာကြောင့် လူတချို့ပိတ်မိနေခဲ့ရာ ကိုးဦး ကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့တယ်လို့ ကယ်ဆယ်ရေးသမားတွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။  

သေဆုံးသူစာရင်းကတော့ ၁၆ ဦးထိ ရှိလာပြီဖြစ်ပါတယ်။  

မွမ်ဘိုင်းမြို့ရဲ့တောင်ဘက် မဟတ်မြို့မှာရှိတဲ့ တိုက်ခန်းပေါင်း ၄၇ ခန်းပါတဲ့ အဆိုပါအဆောက်အအုံမှာ လူ ၂၀၀ လောက်ပိတ်မိနေမှာကို အာဏာပိုင်တွေက အစောပိုင်းမှာ စိုးရိမ်နေခဲ့ကြပါတယ်။  

ဒါပေမယ့် အဆိုပါတိုက်ခန်းနေသူအတော်များများက ကပ်ရောဂါရှောင်ဖို့ အစောကတည်းက မွေးရပ်မြေတွေဆီ ပြန်သွားခဲ့ကြတာပါ။  

ရှာဖွေမှုက နောက်ဆုံးအဆင့်ရောက်နေပြီဖြစ်လို့ အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့သူမရှိတော့ဘူးလို့ မျှော်လင့်ရတယ်လို့ အိန္ဒိယသဘာဝဘေးတုံ့ပြန်မှုအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ရှစ်ကူးမားက AFP ကိုပြောပါတယ်။ 

အင်္ဂါနေ့ညနေက အရေးပေါ်ကယ်ဆယ်ရေးသမားတွေဟာ အပျက်အစီးပုံအောက်ကနေ လေးနှစ်သားကလေးတစ်ဦးအပါအဝင် လူ ကိုးဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။ 

တိုက်ခန်းနေထိုင်သူတွေက အဆောက်အအုံခိုင်ခံ့မှုမရှိတဲ့အကြောင်း ဆောက်လုပ်သူကို အရင်က ပြောပြဖူးတယ်လို့ ဆိုပါတယ်။ အဆောက်အအုံဟာ ၁၀ နှစ်သက်တမ်းရှိပြီး ဖောင်ဒေးရှင်းမခိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မုတ်သုန်ရာသီဟာ တောင်အာရှမှာ သီးနှံအောင်မြင်ဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ပေမယ့် လူသေဆုံးမှု၊ ပျက်စီးဆုံးရှုံးမှု ၊ ရေကြီးမှု၊ အဆောက်အအုံတွေ ပြိုကျစေမှုနဲ့ မြေနိမ့်ပိုင်းရွာတွေမှာ ရေလွှမ်းမိုးမှုတွေကို ဖြစ်ပေါ်စေပါတယ်။  

မုတ်သုန်နဲ့သက်ဆိုင်တဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် တောင်အာရှမှာ ဒီနှစ်အတွင်း အိန္ဒိယက လူ ၈၀၀ ကျော်အပါအဝင် စုစုပေါင်း ၁ ၂၀၀ လောက် သေဆုံးခဲ့ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly