တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုတွင် တရုတ် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း

တောင်တရုတ်ပင်လယ်ပြင် အငြင်းပွားမှုတွင် တရုတ် ကုမ္ပဏီနှင့် လူပုဂ္ဂိုလ်များကို အမေရိကန်က နာမည်ပျက်စာရင်းသွင်း

သြဂုတ် ၂၇
 
တောင်တရုတ်ပင်လယ်ပြင်၌ ဆောက်လုပ်ရေး လုပ်ငန်းများနှင့် စစ်ရေးတည်ဆောက်မှုများတွင် ပါဝင်သော တရုတ်ကုမ္ပဏီ ၂၄ ခုကို အမေရိကန်က နာမည်ပျက်စာရင်းသွင်းကာ လူပုဂ္ဂိုလ်များကိုလည်း ပစ်မှတ်ထားခဲ့သည်။ 
 
အငြင်းပွားနေသည့် မဟာဗျူဟာမြောက် တောင်တရုတ်ပင်လယ်အရေး၌ တရုတ်အပေါ် ကန့်ကွက်ဆန့်ကျင်သည့် အမေရိကန်၏ ပထမဆုံး ဒဏ်ခတ်ပိတ်ဆို့မှု လုပ်ဆောင်ချက်ပဲ ဖြစ်သည်။ 
 
တောင်တရုတ်ပင်လယ်တွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုများနှင့် နိုင်ငံတကာက ပြစ်တင်ရှုတ်ချနေသော စစ်ရေးအတွက် လူလုပ်ကျွန်းများ တည်ဆောက်ခြင်းတွင် အဆိုပါ ကုမ္ပဏီ နှစ်ဒါဇင်သည် အဓိက ကူညီထောက်ပံ့နေကြောင်း အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောသည်။ 
 
သီးခြားအနေဖြင့် ထိုသို့သော တောင်တရုတ်ပင်လယ်၌ တရုတ်၏ စစ်ရေး တည်ဆောက်မှုများနှင့် ကမ်းလွန်သဘာဝသယံဇာတများကို ရပိုင်ခွင့်ရှိသည်ဆိုသော အရှေ့တောင်အာရှနိုင်ငံများ၏ အတည်ပြုပြောကြားချက်များကို တရုတ်က နိုင်ထက်စီးနင်း တုံ့ပြန်ခြင်းတို့တွင် တာဝန်ရှိသော၊ ပါဝင်ပတ်သက်သော လူပုဂ္ဂိုလ်များကိုလည်း ဗီဇာကန့်သတ်သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ 

Guangzhou Haige Communications Group အပါအဝင် နာမည်ပျက်စာရင်းအသွင်းခံရသော ကုမ္ပဏီများတွင် China Communications Construction Co နှင့် ချိတ်ဆက်မှု ရှိပုံရသော ကုမ္ပဏီတစ်ချို့ ပါဝင်သကဲ့သို့ Beijing Huanjia Telecommunication၊ Changzhou Guoguang Data Communications၊ China Electronics Technology Group Corp နှင့် China Shipbuilding Group ကုမ္ပဏီများလည်း ပါဝင်သည်။ 
 
တရုတ် စစ်ရေးလှုပ်ရှားမှုများကို ပံ့ပိုးပေးနေပုံရသော ကုမ္ပဏီများအပေါ် အမေရိကန်၏ ယခု ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်ခြင်းသည် နိုဝင်ဘာ ၃ ရက် ရွေးကောက်ပွဲမတိုင်မီလည်း ဖြစ်သည်။ ရွေးကောက်ပွဲ၌ ယှဉ်ပြိုင်ကြမည့် သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပြိုဖက် ဂျိုးဘိုင်ဒင်တို့ နှစ်ဦးစလုံးသည် တရုတ်ကို သိသိသာသာ ဝေဖန်ကြသူများ ဖြစ်ကြသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly