၅ ထပ်အဆောက်အအုံပြိုကျခဲ့တဲ့ အိန္ဒိယ၌ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေ

၅ ထပ်အဆောက်အအုံပြိုကျခဲ့တဲ့ အိန္ဒိယ၌ ရှာဖွေကယ်ဆယ်ရေးများလုပ်ဆောင်နေ

ဩဂုတ် ၂၆

အိန္ဒိယနိုင်ငံအနောက်ပိုင်းက မဟတ်မြို့မှာ ဩဂုတ်လ ၂၄ ရက်နေ့ညနေပိုင်းက ငါးထပ်အဆောက်အအုံတစ်လုံးပြိုကျခဲ့ပြီး လူ ၇၀ လောက်ပိတ်မိနေနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။  

ကယ်ဆယ်ရေးအဖွဲ့တွေဟာ အနံ့ခံခွေးတွေသုံးပြီး အပျက်အစီးပုံတွေအကြားမှာ အသက်ရှင်ကျန်ရစ်သူတွေကို ဝိုင်းဝန်းရှာဖွေလျက်ရှိပါတယ်။ မနေ့ကတော့ အသက် လေးနှစ်အရွယ် ယောကျ်ားကလေးတစ်ဦးကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြပါတယ်။  

အခုအချိန်ထိ ရုပ်အလောင်း နှစ်လောင်းကို တွေ့ရှိထားတယ်လို့ သဘာဝဘေးတုံ့ပြန်ရေးပြောရေးဆိုခွင့်ရှိသူက တစ်ဦးက ပြောပါတယ်။  

အဲဒီအဆောက်အအုံမှာ တိုက်ခန်းပေါင်း ၄၇ ခန်းပါဝင်ပြီး နေထိုင်သူအများစုက ကပ်ရောဂါရှောင်ဖို့ အစောကတည်း မွေးရပ်မြေကို ပြန်သွားကြတယ်လို့ သိရပါတယ်။   

အပျက်အစီးပုံတွေအောက်မှာပိတ်မိနေသူအချို့ရဲ့ မိသားစုဝင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဂါဇာလာ က  

“ကျွန်မ အမေ၊ ညီမလေးနဲ့ တူလေးတစ်ယောက် ဒီအပျက်အစီးတွေအောက်မှာ ပိတ်မိနေတာပါ။ ပိတ်မိနေတာ ၁၄ နာရီကျော်နေပါပြီ။ ခုချိန်ထိ အပျက်အစီးတွေကို ရှင်းလို့မပြီးသေးကြပါဘူး” လို့ပြောပါတယ်။  

မျက်မြင်သက်သေတစ်ဦးဖြစ်တဲ့ ပရန်နိ ဆလွန်ကီက “ အဆောက်အအုံရဲ့ ပင်မတိုင်ကြီးက စပြီး လှုပ်ရမ်းလာတာပါ။ အဲဒီအချိန်မှာ အထဲမှာ လူတွေရှိနေပါတယ်။ ငလျင်လှုပ်သလိုပါပဲ။ လူတွေက အဆောက်အအုံအပြင်ဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ရွှေ့ပြောင်းမှုတွေ စလုပ်ခဲ့ကြပါတယ်။ မြန်မြန်ရွှေ့ကြဖို့ ကျွန်တော်တို့ အော်ဟစ်သတိပေးခဲ့ရပါတယ်” လို့ ပြောပါတယ်။  

အဆောက်အအုံ စတင်လှုပ်ရမ်းတဲ့အချိန်မှာ လူဒါဇင်ပေါင်းများစွာ ထွက်ပြေးနိုင်ခဲ့တဲ့အတွက် ပိတ်မိနေသူ ၂၀ ကနေ ၇၀ ဦးလောက်ပဲရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။

မတော်တဆဖြစ်ရပ်ဟာ  ည ၇ နာရီလောက်မှာဖြစ်ခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ တိုက်ခန်းနေသူအတော်များများက အပြင်ထွက်ဈေးဝယ်နေကြတာဖြစ်နိုင်တယ်လို့ မဟတ်လွှတ်တော်အမတ် ဘာရတ်ဂိုဂါဝေး က AFP ကိုပြောပါတယ်။  

အဆောက်အအုံပြိုကျရတဲ့အကြောင်းအရင်းကို မသိရသေးပေမယ့် အိန္ဒိယမှာ ဇွန်လနဲ့ စက်တင်ဘာလအကြား မုတ်သုန်ရာသီအတွင်း အဆောက်အအုံတွေပြိုကျတာတွေ ဖြစ်နေကျဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly