တစ်ရက်အတွင်း ကိုဗစ်ပိုးတွေ့လူနာ ၁ဝဝ အထိ တွေ့ရှိ

သြဂုတ် ၂၆

သြဂုတ်လ ၂၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာစုစုပေါင်း ၂၃ဝဝ ကို စစ်ဆေးခဲ့သည့်အနက် COVID-19 အတည်ပြုလူနာ ၁ဝဝ ဦးအထိ တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

သြဂုတ်လ ၂၅ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ စုစုပေါင်း ၂၃ဝဝ ကို စစ်ဆေးခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့ညနှင့် သြဂုတ်လ ၂၆ ရက်နေ့မနက်တို့တွင်သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သြဂုတ်လ ၂၅ ရက်နေ့ တွင် ဓာတ်ခွဲနမူနာစုစုပေါင်း ၁၄၇၅ ခုကို စစ်ဆေးခဲ့ပြီး ပိုးတွေ့လူနာ ၃ဝ တွေ့ရှိကြောင်းည၈နာရီတွင် ပထမသုတ်စာရင်းကိုထုတ်ပြန်ခဲ့သည်။ထို့နောက် ဓာတ်ခွဲနမူနာ ၈၂၅ ခုကို  ရန်ကုန်မြို့ရှိ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနှင့် မော်လမြိုင်မြို့ရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနတို့တွင် ဒုတိယအသုတ်ထပ်မံစစ်ဆေးခဲ့ပြီးနောက် ပိုးတွေ့လူနာသစ် ၇ဝ ဦးကို ထပ်မံတွေ့ရှိခဲ့ကြောင်း သြဂုတ်လ ၂၆ ရက်နေ့ မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့ရာ ထုတ်ပြန်ချက် ၂ ကြိမ်အတွင်း ပိုးတွေ့လူနာ ၁ဝဝ အထိ ရှိလာသည်။

သြဂုတ်လ ၂၅ ရက်နေ့ညက တွေ့ရှိခဲ့သော ပိုးတွေ့လူနာ ၃ဝ ဦးတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ ၁၁ ဦး၊ ကျောက်ဖြူမြို့မှ ၃ ဦး၊ ပေါက်တောမြို့မှ ၁၂ ဦး၊ မွန်ပြည်နယ် မော်လမြိုင်မြို့မှ ၁ ဦး၊ ချင်းပြည်နယ် ဟားခါးမြို့မှ ၁ ဦး၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှ ၁ ဦးတို့ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့မနက်ပိုင်းပိုးတွေ့လူနာသတင်းထုတ်ပြန်ရာတွင် ဓာတ်ခွဲစစ်ဆေးပြီးစီးချိန်နှင့် သတင်းထုတ်ပြန်ချိန်အကြား အချိန်တိုတောင်းမှုကြောင့် ဓာတ်ခွဲအတည်ပြုလူနာသစ်များ၏ သတင်းအချက်အလက်များကို ထပ်မံထုတ်ပြန်မည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ထို့ကြောင့် ယခုနေ့လည်ပိုင်းသတင်းရေးသားချိန်အထိ ယနေ့ အတည်ပြုလူနာ ၇၀ ၏အချက်အလက်အသေးစိတ်အားမသိရသေးပေ။

ကိုဗစ်ရောဂါပိုးပြည်တွင်းကူးစက်မှုများဖြစ်ပေါ်နေသည့်အတွက် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို လိုက်နာကြရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတိပေးထုတ်ပြန်ထားသည်။

သြဂုတ်လ ၂၆ ရက်နေ့မနက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်ပိုးတွေ့လူနာ စုစုပေါင်း ၅၇၄ ရှိပြီး ရောဂါပိုးကင်းစင်သွားသူများလည်း ရှိနေကာ သေဆုံးသူ ၆ ဦးရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly